လူတော်တော်များများက ပျော်ရွှင်မှုထက် စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကိုသာ အာရုံစိုက်မိတတ်တာ များပါတယ်။ ပျော်ရွှင်မှုဆိုတဲ့ စကားလုံးလေးဟာ ရိုးရှင်းသော်လည်းပဲ လက်တွေ့မှာ ရယူပိုင်ဆိုင်နိုင်ဖို့က လွယ်မယောင်နဲ့ ခက်တတ်ပါတယ်။ ကိစ္စရပ်များအပေါ် ကိုယ့်ရဲ့ စိတ်ထားတတ်မှုနဲ့ ဘဘောထားအမြင်များကလည်း ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ လူအများစုဟာ ငွေကြေး သို့မဟုတ် ဇိမ်ခံပစ္စည်းများကဲ့သို့ အရာများကို ပျော်ရွှင်မှုဆီသို့ ဦးတည်သည်ဟု ထင်ကြပါတယ်။ ဒါဟာ အထိုက်အလျောက် မှန်သင့်သလောက်တော့မှန်ပါတယ်။ သို့သော်လည်း ထိုအရာတွေ မရှိပါဘဲနဲ့ ကွီးတို့ဟာ ဘဝမှာ ပိုမို ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။

Photo : Unplush
လူတိုင်းလူတိုင်းဟာ ဘဝမှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ ရင်ဆိုင်ရတာဟာ ဓမ္မတာပါပဲ။ ဒီလို ကျင်လည်ရတဲ့ နေ့စဉ်ဘဝတွေဟာ အမြဲလည်ပတ်နေတာ ဖြစ်တဲ့အတွက် စိတ်ညစ်စရာတွေ၊ မပျော်ရွှင်မှုတွေကိုပဲ အာရုံစိုက်နေတာမျိုး မဖြစ်သင့်ပါဘူး။ မိမိအပါအဝင် လူတိုင်းဟာ ပျော်ရွှင်ဖို့ ထိုက်တန်တာ အမြဲသတိရပေးပါ။ သိပ္ပံပညာရဲ့ အဆိုအရ အချို့သော ကျန်းမာသော ဘဝအလေ့အကျင့်များနဲ့ ပြုမူနေထိုင်မှုများက အမှန်တကယ်ပင် ပျော်ရွှင်နိုင်တဲ့ သော့ချက်ဖြစ်နိုင်ကြောင်း သုတေသနများ ဖော်ပြထားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သိပ္ပံပညာကပြောတဲ့ ပိုမို ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာစေဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။
ကျေးဇူးတရားနဲ့ ယှဉ်တွဲနေထိုင်ပါ

Photo : Ashley Addiction Treatment
ကျေးဇူးတင်ကြောင်းဖော်ပြခြင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်ကို တိုးတက်စေသည်ထက် အများကြီးပိုပြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ တစ်နေ့တာမှာ ကွီးတို့ ခံစားခဲ့ရတဲ့ အဆင်ပြေမှုလေးတွေ၊ တစ်ယောက်ယောက်က ကွီးတို့ကို ကူညီတဲ့ ကိစ္စသေးသေးလေးတွေ ဖြစ်စေ စတာလေးတွေကို ကျေးဇူးတင်တဲ့စိတ်နဲ့ တွေးကြည့်ပါ။ ဒါမှမဟုတ် ကွီးတို့ကိုယ်တိုင် ပြုလုပ်လိုက်တဲ့ ကောင်းတဲ့ အရာသေးသေးလေးတွေ၊ အပြုသဘောဆောင်သည့်အချက်လေးကို အိပ်ရာမဝင်ခင် ချရေးကြည့်ပါ။ ဒီလို အပြုအမူနဲ့ ကျေးဇူးတရားကို အခြေခံတဲ့ အလေ့အကျင့်လေးက စိတ်ဖိစီးမှုနည်းပြီး စိုးရိမ်ပူပန်မှုများလျော့ကျကာ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ပါလိမ့်မယ်။ ဒီလို အလေ့အကျင့်လေးက ရေရှည်မှာ ကွီးတို့အတွက် စိတ်ခံစားချက်များ ကောင်းစေကာ သိပ္ပံပညာက ဒါဟာ ကြီးမားတဲ့ ဘဝဖြစ်ရပ်တွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ကို ပိုမို ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာစေဖို့ သေးငယ်တဲ့ နေ့စဉ် အတွေ့အကြုံတွေဖြစ်တယ်လို့ ဆိုပါတယ်။
အကောင်းမြင်သူများနဲ့ မိမိကိုယ်ကို ဝန်းရံပါ

Photo : Everyday Power
စိတ်ခံစားချက်များက လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်တတ်ပါတယ်။ ပျော်ရွှင်မှုကလည်း ထို့အတူပါပဲ။ ဟားဗတ်နှင့် San Diego တက္ကသိုလ်မှ သုတေသီ ဒေါက်တာ Nicholas Christakis နှင့် James Fowler တို့က ပျော်ရွှင်တတ်တဲ့ သူငယ်ချင်းနဲ့ ပေါင်းသင်းတဲ့ လူတစ်ယောက်အတွက် ပျော်ရွှင်နိုင်ခြေ ကိုးရာခိုင်နှုန်းခန့် တိုးလာကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ပတ်ဝန်းကျင်မှာ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိသူတွေ၊ ပျော်ရွှင်တတ်သူတွေနဲ့ ဝန်းရံပါ။
မိသားစုများ၊ သူငယ်ချင်းများနဲ့ အချိန်ပိုကုန်ဆုံးပါ

Photo : Reflect & Fresh
ကွီးတို့ရေ မိသားစုတွေ၊ သူငယ်ချင်းတွေ ဆိုတာ ကျွန်တော်တို့အတွက် အခြားသော သူများထက်ပိုပြီး ပြောဆိုဆက်ဆံရမှာ သက်တောင့်သက်သာ ဖြစ်စေတဲ့ သူတွေပါပဲ။ ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို ၎င်းတို့ထံ ဖွင့်ပြောတိုင်ပင်ခြင်း၊ အကြံဉာဏ်ရယူခြင်းများ ပြုလုပ်နိုင်ပါတယ်။ အမှန်တကယ်လည်း အကျိုးရှိစေတာ ကွီးတို့တွေ့ရှိရမှာပါ။ ကွီးတို့ အလုပ်များနေလျှင်ပင် ကိုယ်ချစ်တဲ့ သူတွေ၊ ဂရုစိုက်သောသူတွေနဲ့ အမြဲထိတွေ့ဆက်ဆံဖို့ နည်းလမ်းရှိပါတယ်။ ကိုယ်ချစ်ခင်နဲ့ သူတွေနဲ့ အချိန်ကုန်ဆုံးတာဟာ တကယ်ကို တန်ဖိုးရှိတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ပြီး ပျော်ရွှင်ကြည်နူးမှုကို ခံစားရပါလိမ့်မယ်။
အလုပ်နဲ့ ဘဝ ဟန်ချက်ညီပါစေ

Photo : Let’s Roam
မပျော်ရွှင်ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက အလုပ်နဲ့ ဘဝ ဟန်ချက်မညီခြင်း ပဲ ဖြစ်ပါတယ်။ ဘဝမှာ အလုပ်ကိုပဲ ဦးစားပေးနေပြီး ကိုယ့်ရဲ့ ချစ်ခင်တဲ့ သူတွေနဲ့ တွေ့ဖို့ အချိန်မရတာ၊ လေ့ကျင့်ခန်း လုပ်ချိန်မရှိတာ၊ မိသားစုနဲ့ ကုန်ဆုံးချိန်နည်းတာ၊ ကိုယ်ပိုင်အချိန်မရှိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ထို အချက်တွေကြောင့် ဘဝမှာ တန်ဖိုးရှိတဲ့ အချိန်များကို မပိုင်ဆိုင်ရခြင်းနဲ့ စိတ်ဖိစီးမှုများကာ ပျော်ရွှင်မှု ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ကြိုးစားပြီး စိတ်ဖိစီးမှုများကို လျှော့ချကာ ကိုယ့်ကို ပျော်ရွှင်စေမဲ့အရာလေးတွေကို ပြုလုပ်ဖို့ အချိန်ပေးသင့်ပါတယ်။
ပစ္စည်းတွေထက် အတွေ့အကြုံပေါ်မှာ ပိုက်ဆံသုံးပါ

Photo : Entrepreneur
သုတေသနပြုချက်တစ်ခု အရ လူတွေဟာ အရာဝတ္ထုတွေထက် ၎င်းတို့ရဲ့ငွေကို အတွေ့အကြုံတွေပေါ်မှာ သုံးစွဲတဲ့အခါ ပိုပျော်ရွှင်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်လို့ ဆိုပါတယ်။ အတွေ့အကြုံနဲ့ အမှတ်တရများကို ကျွန်တော်တို့ ဦးနှောက်များက မှတ်သားထားပြီး ၎င်းတို့ကို ပြန်လည် အမှတ်ရစေခြင်းဖြင့် အပြုသဘောဆောင်သော စိတ်ခံစားမှုများကိုရရှိစေပါတယ်။ ကွီးတို့ အမှန်တကယ်လိုချင်တဲ့ ပစ္စည်းတွေ ဒါမှမဟုတ် လိုအပ်တဲ့ပစ္စည်းတွေမှ လွဲပြီး အခြားသော မလိုအပ်တဲ့ နေရာများမှ ပိုက်ဆံသုံးခြင်းအစား ခရီးထွက်ခြင်း၊ ယောဂ သင်တန်းတက်ခြင်း စတာလေးတွေ လုပ်ကြည့်ပါ။
ကွီးတို့ရေ ပျော်ရွှင်မှုဆိုတာ ရွေးချယ်မှု တစ်ခုပါ။ ကွီးတို့လည်း ဘဝမှာ ပိုမို ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာကြည့်ပါ။
Source : Denver health
Featured Photo : Entrepreneur
