Manners လို့ခေါ်ကြတဲ့ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူတွေက ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြသနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ လူ့အဖွဲ့ အစည်းမှာ ကျင်လည်နေရင် သူ့နေရာနဲ့သူ သင့်တော်တဲ့ အခြေခံ အပြုအမူများကို ပြုမူသင့်ပါတယ်။ ထို့အတူ ကွီးတို့သဘောကျတဲ့ အမျိုးသမီးလေးဆီက Impression ကောင်းရစေဖို့ အပြုအမူ ကောင်းတွေ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ သိထားသင့်တဲ့ ဘယ်လို Manners ကောင်းတွေက စကီလေး ဆီက Impression ကောင်းရနိုင်မလဲဆိုတာကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
အလေထားနားထောင်ပေးပါ
Photo : HerNom
ကွီးတို့ သဘောကျတဲ့ အမျိုးသမီးလေးမှ မဟုတ်ပါဘူး၊ မည်သူနဲ့မဆို စကားပြောဆိုပါက တစ်ဖက်သားပြောစကားကို အလေးထား နားထောင်သင့်ပါတယ်။ ဒီလို တစ်ဖက်လူပြောတာကို အလေးထားနားထောင်ခြင်းက လူကြီးလူကောင်းဆန်တဲ့ အပြုအမူဖြစ်သလို ကိုယ့်ရဲ့ Impression ကိုလည်း မြှင့်တင်ပြီးသား ဖြစ်ပါတယ်။ မိန်းကလေးတွေကလည်း သူတို့ပြောတဲ့စကားကို အလေးထားနားထောင်ပေးတတ်တဲ့ သူတွေကို သဘောကျကြပါတယ်။ သူတို့ပြောဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်တစားမေးပါ၊ ဆွေးနွေးပေးပါ။ ဒါဆို ကွီးတို့အပေါ် သူတို့ရဲ့ခင်မင်မှုနဲ့ ကောင်းမွန်တဲ့ အမြင်တွေတိုးပွားလာပါလိမ့်မယ်။
အချိန်မနောက်ကျပါစေနဲ့
Photo : Business Insider
ကွီးတို့ သဘောကျရတဲ့ အမျိုးသမီးလေးနဲ့ အပြင်မှာတွေ့ဖို့ ဖြစ်စေ၊ တစ်ခုခုကိုအတွက် ချိန်းဆိုထားရင် ဖြစ်စေ၊ သတ်မှတ်ထားတဲ့ အချိန်ထက် နောက်မကျပါစေနဲ့။ အမျိုးသမီးတွေမှာ အချိန်နဲ့ ပတ်သတ်ပြီး စံနှုန်းတွေ ရှိနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ အချိန်လေးစားပြီး အချိန်မှန်တဲ့ ယောက်ျားတစ်ယောက်က သူ့ဘဝရဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသပါတယ်။ ဒါဟာ အမျိုးသမီးတွေအပေါ် ဆွဲဆောင်မှု ရှိစေတဲ့အချက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကိုလေးစားပြီး နောက်မကျတတ်ခြင်းက တစ်ဖက်သားကို လေးစားရာလည်း ရောက်တဲ့ Manner ကောင်းတစ်ခုဆိုလည်း မမှားပါဘူး။
လေးစားမှုရှိပါ
Photo : Linkedin
လူအချင်းချင်းလေးစားမှု ရှိဖို့က အမှန်တကယ် လိုအပ်တဲ့အရာပါ။ ကွီးတို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ သာမက ကွီးတို့သဘောကျတဲ့ အမျိုးသမီးလေးကို ပြောဆိုဆက်ဆံတဲ့ နေရာမှာလည်း လေးစားမှုရှိဖို့ လိုပါတယ်။ ၎င်းမှာ အပြုအမူ အပြောအဆိုတို့ ယဉ်ကျေးမှုရှိခြင်း၊ တစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်ကို အလေးထားခြင်း၊ ရိုင်းစိုင်းခြင်း သို့မဟုတ် မလေးစားခြင်းဟု ထင်မြင်စေမဲ့ မည်သည့်အပြုအမူကိုမဆို ရှောင်ကြဉ်ခြင်း စတာတွေ ပါဝင်ပါတယ်။
စကားပြောသည့်အခါ မျက်လုံးချင်းဆုံပါ
Photo : Dating and Relationship
ကွီးတို့ စကားပြောသည့်အခါဖြစ်စေ၊ တစ်ဖက်လူ စကားပြောသည့်အခါ ဖြစ်စေ မျက်လုံးချင်းဆုံပါ။ မျက်လုံးချင်းဆုံတာဟာ ယုံကြည်မှုကို ခိုင်ခံ့စေပါတယ်။ လူတစ်ဖက်သားကို အလေးထားပြီး လေးစားရာလည်း ရောက်ပါတယ်။ ဒီအချက်ကလည်း ကွီးတို့သဘောကျတဲ့ မိန်းကလေးဆီက Impression ကောင်းရစေဖို့ အထောက်အကူပြုပါလိမ့်မယ်။
သူမကို အလေးပေးတဲ့ အပြုအမူလေးတွေ ကျင့်သုံးပါ
Photo : The Good Man Project
ကွီးတို့ရေ တစ်ခါတစ်လေကျရင် ရိုးရိုးရှင်းရှင်း အပြုအမူလေးတွေက တစ်ဖက်လူအပေါ်မှာ အလေးထား ဂရုစိုက်မှုကို ပြသရာရောက်ပါတယ်။ ဥပမာအားဖြင့် သူမအတွက် တံခါးဖွင့်ပေးတာ၊ ကားတံခါးဖွင့်ပေးပြီး အဆင်သင့်ထိုင်စေတာ၊ စားသောက်ဆိုင်မှာ သူမထိုင်ဖို့ ထိုင်ခုံဆွဲထုတ်ပေးတာ စတဲ့ အပြုအမူလေးတွေပဲ ဖြစ်ပါတယ်။ ဒီလို အပြုအမူကောင်းလေးတွေက ကွီးတို့ကို လူကြီးလူကောင်း တစ်ယောက်ဖြစ်ကြောင်း ပြသရုံသာမက ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာပါးနပ်တဲ့ ယောက်ျားတစ်ယောက် အသွင်အပြင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။
အပြုအမူကောင်း ရှိခြင်းက လူတစ်ယောက်အတွက် မဖြစ်မနေလိုအပ်ပြီး လေးစားမှုနှင့် စာနာတတ်သူတစ်ဦးဖြစ်ရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ မည်သူနဲ့မဆို ပြောဆိုဆက်ဆံရာမှာ အပြုအမူကောင်းတွေက ကွီးတို့ကို အပြုသဘောဆောင်တဲ့ လေးစားအထင်ကြီးမှုကို ဖြစ်စေပြီး ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကူညီပေးနိုင်ပါတယ်။
ကဲ……. ကွီးတို့ရေ ဒီလို ရိုးရှင်းတဲ့ Manners ကောင်းလေးတွေက ကွီးတို့ သဘောကျတဲ့ စကီလေး ဆီက အမှတ်ပြည့်ရအောင် ကူညီပေးနိုင်တယ်ဆိုတာ ယုံလိုက်ပါ။
Featured Photo : Next Luxury