လူတိုင်းကတော့ အသက်ရှည်ရှည် နေချင်ကြတာချည်းပါပဲ။ သို့သော်လည်း အစားအသောက်၊ နေထိုင်မှုပုံစံနဲ့ အကြောင်းအမျိုးမျိုးတို့ကြောင့် ရောဂါဘယများ ဝင်ရောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ပြုလုပ်နေတဲ့ အလေ့အကျင့် အနည်းငယ်က ကျွန်တော်တို့အတွက် အသက်ရှည်ဆေးလည်း ဖြစ်နိုင်သလို၊ ကျွန်တော်တို့ အသက်ကို နှုတ်ယူသွားနိုင်တဲ့ အန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ကျွန်တော်တို့ အနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ အသက်ရှည်ဆေး ဖြစ်သွားစေမဲ့ အလေ့အကျင့်ကောင်းတွေကို ကွီး တို့အတွက် ဖော်ပြပေးချင်ပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

အသက်ရှည်ဆေး ကွီး

Photo : News Medical

ကွီးတို့ရေ ဆေးလိပ်သောက်ခြင်းက သွေးကြောများနှင့် အဆုတ်တို့ကို ထိခိုက်စေပြီး ဆေးလိပ်သောက်သူများကို ကင်ဆာနှင့် လေဖြတ်နိုင်ခြေ တိုးလာစေပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာ၊ ခံတွင်း၊ လည်ချောင်း၊ အသံအိုး၊ စတဲ့ ကင်ဆာအမျိုးအစား အမျိုးမျိုးနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင် မသောက်သုံးဘူးဆိုရင်တောင်မှ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ထိတွေ့မိခြင်းက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ ကိုယ်တိုင်အတွက်ရော ကွီးတို့ဘေးနားမှာရှိတဲ့ ချစ်ခင်ရသူတွေပါ အသက်ရှည်ဖို့အတွက် ဆေးလိပ်မသောက်ပါနဲ့။

ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ

အသက်ရှည်ဆေး ကွီး

Photo : Healthy Food Guide

ကွီးအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မှသာ ရောဂါကင်းရှင်းပြီး ကျန်းမာမှာပါ။ အခုခေတ်မှာ စားလို့ကောင်းအောင် ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေကလည်း လူကြိုက်များလာပါတယ်။ ဒီလို အစားအစာတွေကို အလွန်အကျွံစားသုံးတာက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်။ ဆန္ဒကို ရှေ့တန်းတင်ပြီး စားသောက်တာမျိုးကို ရှောင်ရပါမယ်။ သင့်တင့်သော ပရိုတင်းပါဝင်တဲ့ အစားအစာများနဲ့ ဟင်းသီးဟင်းရွက် များများစားခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ကျန်းမာစေပါလိမ့်မယ်။ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့အစာကိုရှောင်ပါ။ ကျန်းမာသော စားသောက်နေထိုင်မှု ပုံစံကလည်း အသက်ရှည်ဆေး တစ်မျိုးပါပဲ။

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Photo : Steel Supplements

ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းကလည်း အသက်ရှည်ဆေး တစ်မျိုးဆိုရင် ကွီး တို့ ငြင်းမယ်မထင်ပါဘူး။ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးများပါတယ်။ ကွီးတို့ရဲ့ အသက်အရွယ် အရပ်အမြင့်ကိုလိုက်ပြီး သင့်တော်တဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းက ဆီးကျိတ်ကင်ဆာ၊ အဆုတ်၊ အူမကြီးနှင့် ကျောက်ကပ်အပါအဝင် ကင်ဆာအမျိုးအစား အမျိုးမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀) သို့မဟုတ် နေ့စဉ်ပုံမှန် အနည်းဆုံး မိနစ် (၃၀) ကိုယ်လက်လှုပ်ရှားမှု အချိန်ပေးပြီး ပြုလုပ်ခြင်းဖြင့် ကျန်းမာသောဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

Photo : Story blocks

ကွီးတို့ရေ အသက်ရှည်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာဖို့သာမက၊ စိတ်ပိုင်းဆိုင်ရာလည်း ကျန်းမာဖို့ အရေးကြီးပါတယ်။ ဆိုလိုတာကတော့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာမှ အသက်ရှည်မှာပါ။ ယနေ့ခေတ် ကျွန်တော်တို့ ရှင်သန်နေရတဲ့ လူ့အဖွဲ့အစည်းအရ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲလို့တော့ မရပါဘူး။ ဒါပေမဲ့ ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုတွေကိုတော့ အတတ်နိုင်ဆုံး လျော့ချဖို့ လိုပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများက အချိန်ကြာလာတာနဲ့အမျှ “စိတ်ထောင်း ကိုယ်ကြေ” ဆိုသကဲ့သို့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်မဲ့ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ တက်တက်ကြွကြွနေထိုင်တာ စတာလေးတွေ ကျင့်သုံးပေးပါ။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက ကွီးတို့ ကိုယ်တိုင် ကျင့်သုံးနိုင်တဲ့ အသက်ရှည်ဆေးတွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို လိုက်နာခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ မျှော်လင့်ပါတယ်။

Source : John Hopkins Medicine

Featured Photo : Wellness