ဒီနေ့ခေတ် လူငယ်တွေကြားမှာ Vape သောက်တဲ့ အလေ့အထက တော်တော်လေး ရေပန်းစားလာပါတယ်။ လူငယ်သဘာဝ စတိုင်ကျချင်လို့ သောက်ကြသလို တချို့ကလည်း စီးကရက် အစားထိုးအနေနဲ့ Vape ကို သောက်သုံးလာကြပါတယ်။ ဒါဆိုရင် Vape သောက်တာက စီးကရက် သောက်တာလောက် အန္တရာယ်မများဘူးလား မေးစရာရှိပါတယ်။ အဖြေကတော့ No ပါ။ Vaping က ဆေးလိပ်/စီးကရက် သောက်တာနဲ့ ထူးမခြားနားတဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေ အများကြီးရှိနေပါတယ်။
Photo : Medical Xpress
၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်တွေအရ E-cigarette သို့မဟုတ် Vaping ထုတ်ကုန်တွေ သုံးစွဲတာဟာ အဆုတ်ကို ဆိုးဆိုးရွားရွားပျက်စီးစေနိုင်ပြီး အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ E-cigarette / Vaping ထုတ်ကုန်တွေမှာ diethylene glycol ၊ nitrosaminesi နဲ့ အခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ အများကြီးပါဝင်နေပါတယ်။ ဒါ့အပြင် နီကိုတင်းနဲ့ တခြားသော အနံ့အရသာတွေ ထပ်ပေါင်းထည့်ထားတဲ့ Vape ဆေးရည်တွေကို အပူပေးပြီး အဆုတ်ထဲရှိုက်သွင်းလိုက်ချိန်မှာ အဆုတ်အပေါ် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။
နောက်ထပ် လေ့လာမှုအသစ်တွေအရ Vape မှာ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အဆိပ်သင့်စေတဲ့ သတ္တုတွေပါဝင်နေတဲ့အတွက် အသက်ရှုလမ်းကြောင်းနဲ့ နှလုံးသွေးကြောစနစ်အပေါ် အန္တရာယ်ဖြစ်စေနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ စီးကရက်နည်းတူ Vape သောက်တာကလည်း စွဲလန်းမှုကို ဖြစ်စေပြီး အလွန်အကျွံသုံးစွဲလာပါက ခေါင်းမူး/ခေါင်းကိုက်တာ ၊ အားအင်ကုန်ခမ်းတာ ၊ အဆုတ်ရောင်ရောဂါ ၊ သွေးကြောတွေ တင်းမာတာ ၊ ခန္ဓာကိုယ်ဆဲလ်တွေ ပျက်စီးတာ ၊ ကင်ဆာရောဂါ ၊ နှလုံးရောဂါ ၊ ချောင်းဆိုးတာ ၊ ရင်ဘတ်အောင့်တာ ၊ ပျို့တာ ၊ ခံတွင်းခြောက်တာနဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တာအပါအဝင် တခြားသော ကျန်းမာရေး ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
Photo : Tanner Health System
တကယ်တော့ စီးကရက် ဖြတ်ဖို့ Vape ပြောင်းသောက်တာဟာ ထင်သလောက် အလုပ်မဖြစ်ပဲ ငွေကုန်ကြေးကျပိုများပြီး ကျန်းမာရေး ပြဿနာတွေကို ဝယ်ယူမိသလို ဖြစ်နေတာကြောင့် ဆေးလိပ် / စီးကရက်ရော Vape သောက်တာကိုပါ ယတိပြတ်ဖြတ်ဖို့ အကြံပြုလိုက်ပါတယ်။ ကွီးတို့အနေနဲ့ Vape သောက်တာနဲ့ ပတ်သတ်ပြီး ကိုယ်တိုင်ကြုံတွေ့ရတဲ့ ကိုယ်တွေ့ ဆိုးကျိုးပြဿနာတွေ ရှိရင်လည်း ကွန်းမန့်မှာ မျှဝေခဲ့နိုင်ပါတယ်။
Featured Photo : Everyday Health