ကွီးတို့ရဲ့ ဘဝမှာ လူပေါင်းစုံ၊ မိတ်ဆွေပေါင်းစုံနဲ့ ကြုံဖူး ဆုံးဖူးကြပါလိမ့်မယ်။ ရိုးသား ဖြောင့်မတ်ပြီး အကျင့်စာရိတ္တ ကောင်းမွန်တဲ့ မိတ်ဆွေတွေလည်း ရှိသလို ကျေးဇူးမသိ တတ်တဲ့ အပေါင်းအသင်း မျိုးနဲ့လည်း ကြုံကြိုက်ဖူးပါလိမ့်မယ်။ စိတ်ထား ဖြောင့်မတ်သူတို့နဲ့ ပေါင်းသင်းရတာ မင်္ဂလာတစ်ပါးဖြစ်ပေမယ့် ကျေးဇူးမသိ တတ်တဲ့သူတွေနဲ့ အပေါင်းအသင်း လုပ်နေရတာ အကုသိုလ်ပါပဲ။
ကျေးဇူးမသိတတ်တဲ့သူတွေသည် ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းတာလုပ်ပေးနေပါစေ၊ ကိုယ့်ကို ကျေးဇူးမတင်ဘဲ အမြဲတမ်း အဆိုးမြင်တဲ့ စိတ်နဲ့ပဲ အပြစ်တင် ဝေဖန်နေမှာပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကျေးဇူးမသိတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့နေမိမယ်ဆိုရင်တော့ သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေတာ အကောင်းဆုံးပါပဲ။
ထိုကဲ့သို့သော ကျေးဇူးမသိတတ်တဲ့ သူတွေမှာ အခုဖော်ပြမယ့် အမူအကျင့်မျိုးလည်း ရှိကြပါသေးတယ်။
ကွီးတို့ရဲ့ အားနာတတ်တဲ့စိတ်၊ သနားကြင်နာတတ်တဲ့စိတ်၊ ကူညီတတ်တဲ့စိတ်ကို အခွင့်ကောင်းယူမယ်
ကျေးဇူးမသိတတ်တဲ့သူတွေသည် ကွီးတို့ရဲ့ ကြင်နာတတ်တာကို သူတို့အကျိုးအတွက် လုပ်ဆောင်ခိုင်းစေပြီး ကျေးဇူးတင်စကားတစ်ခွန်းတောင် ပြောမှာမဟုတ်ပါဘူး။ ကွီးတို့ လုပ်ကို လုပ်ပေးရမယ့် တာဝန်ရှိသလိုမျိုး ပြုမူကြမှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ စိတ်အလိုမကျတဲ့အခါမျိုးမှာလည်း ကူညီပေးတဲ့ မျက်နှာမှ မထောက် မှိုချိုးမျှစ်ချိုး ပြောဆိုဆက်ဆံကြပါလိမ့်မယ်။ အင်မတန်မှ ထောင်လွှားမောက်မာပြီး ရိုင်းစိုင်းတဲ့စိတ်ဓာတ်ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။
ဘယ်တော့မှ ရောင့်ရဲ မတင်းတိမ်နိုင်ဘူး
သူတို့မှာ ရှိတဲ့အရာတွေနဲ့လည်း ကျေနပ်တင်းတိမ်တယ်ဆိုတာမျိုး မရှိပါဘူး။ ရလေ လိုလေ အိုတစ္ဆေလိုမျိုး လောဘက အတောမသတ်နိုင်ကြတော့ပါဘူး။ အလိုရမ္မက်ကြီးပြီး တစ်ကိုယ်ကောင်းလည်း ဆန်တတ်ကြပါတယ်။
သူများတွေ ပျော်ရွှင် အဆင်ပြေနေတာမျိုးလည်း မမြင်ချင်ဘူး
ထိုကဲ့သို့သော လူတွေသည် အခြားသူများရဲ့ အောင်မြင်မှုကို မနာလိုတတ်ကြပါတယ်။ အခြားသူများက ရာထူးတိုးပြီး အလုပ်မှာ အဆင်ပြေနေတဲ့ အခါမျိုး၊ သူများတွေ ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေကြတဲ့အခါမျိုးမှာ အဖျက်သမားအနေနဲ့ ပြုမူတတ်ကြပါတယ်။
ကျေးဇူးတင်ပါတယ်လို့ ပြောရမှာကိုလည်း အင်မတန် ဝန်လေးတယ်
အခြားသူက မကောင်းတတ်လို့ ကူညီပေးတဲ့အခါမျိုးမှာလည်း ကျေးဇူးတင်စကား ပြောရမှာကို မသိချင်ယောင်ဆောင်ပြီး ကျော်သွားတတ်ကြပါတယ်။ ဒီလိုကူညီပေးတာ ဘာမှအထူးတလည် ဂုဏ်ဖော်နေရမယ့်အရာမျိုး မဟုတ်ဘူးဆိုပြီး သူတို့စိတ်ထဲမှာ တွေးထင်တတ်ကြပါတယ်။
သူတို့ရဲ့ ကံဆိုးမှုတွေကို သူများအပေါ် အပြစ်ပုံချလေ့ရှိတယ်
သူတို့ဘဝမှာ အဆင်မပြေတာတွေ ကြုံလာတဲ့အခါ နင့်ကြောင့် ဖြစ်ရတာ သူ့ကြောင့်ဖြစ်ရတာ၊ သူ့တုန်းက အဲ့လို အခွင့်အရေး မရလို့၊ သူ့ကို ဘယ်သူမှ မကူညီကြလို့ အစရှိတဲ့ အပြစ်တင် ဝေဖန်မှုများနဲ့ သူတစ်ပါးအပေါ် အပြစ်ဖို့လိုက်ကြပါတယ်။ သူတို့ရဲ့ အမှား၊ သူတို့ရဲ့ လိုအပ်ချက်ကိုတော့ မသိချင်ယောင်ဆောင်လိုက်ကြပါတယ်။
ပန်းနုသွေးစတိုင်လ်မျိုး ဖမ်းတယ်
သူတို့ကသာ နစ်နာသူတွေ၊ သူတို့အပေါ် အခြားသူတွေကသာ အနိုင်ကျင့်ကြတယ်၊ သူတို့ အမှား တစ်စိမှ မရှိဘဲ သူများကသာ လူဆိုးအသွင် ဖမ်းလိုက်ကြပါတယ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ကွီးတို့က ခင်မို့မို့အေး Pro Max တွေ၊ သူတို့ကတော့ ပန်းနုသွေးလေးတွေပေါ့။
ကွီးတို့ရဲ့ စိတ်ခံစားချက်ကိုလည်း စိတ်မဝင်စားဘူး
ကွီးတို့က တစ်ခါလောက် မကူညီမိတာကို သူ့ဘက်က ဘယ်လိုအခြေအနေရှိလို့ မကူညီနိုင်တာ၊ နေမကောင်းလို့လား၊ ငွေရေး ကြေးရေး အဆင်မပြေမှုတွေ၊ အိမ်တွင်းရေး ပြဿနာတွေများ ရှိနေလို့လားဆိုတဲ့ သူတစ်ပါး အခြေအနေကို ထည့်တွေးပေးတတ်တာမျိုး မရှိပါဘူး။ ကွီးတို့ရဲ့ စိတ်ခံစားချက်ကိုတော့ I Don’t Care ဆိုပြီး ပြုမူတတ်ကြပါတယ်။
ထိုကဲ့သို့သော လူမျိုးနဲ့ တွေ့ဆုံ ကြုံကြိုက်လာရပြီဆိုရင်တော့ ကွီးတို့ဘက်က ပြုလုပ်ရမယ့်အချက်တွေ ရှိပါတယ်။
- စည်းတစ်ခု ခြားထားပါ။
- သူတို့ကို အကုန်ုလုံး မပေးပါနဲ့။ အမြဲတမ်း မကူညီပါနဲ့။
- အလုံးစုံ လျစ်လျူရှုလိုက်ပါ။
သူတို့နဲ့ ဝေးဝေးနေပါ။
ဒါဆိုရင်တော့ ကွီးတို့ဘဝမှာ ကျေးဇူးမသိတတ်တဲ့သူတွေနဲ့ ကင်းဝေးပြီး ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနေမှာပဲဖြစ်ပါတယ်။
Source: Minimalismmadesimple
Featured Image: Freepik