ကျွန်တော်တို့ မျက်လုံးလေးတွေက မနက်မိုးလင်းတဲ့ အချိန်ကစပြီး အိပ်စက်ချိန်အထိ တစ်လျှောက်လုံး အလုပ်လုပ်ပေးရတဲ့ နုနယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အမြင်အာရုံကို ပေးစွမ်းနိုင်တဲ့ ကျွန်တော်တို့ မျက်လုံးလေးတွေ ကျန်းမာနေဖို့ အရေးကြီးပါတယ်။ မျက်လုံးလေးတွေ ကျန်းမာမှ စူးရှ တောက်ပမှာပါ။ သို့သော်လည်း ခုနောက်ပိုင်း လူနေမှုပုံစံအရ ဖုန်းသုံးတာများတာ၊ ကွန်ပျူတာ အချိန်ကြာကြာ အသုံးပြုရတာ စတာတွေကြောင့် မျက်လုံးကျန်းမာရေးကို ထိခိုက်မှုတွေ ရှိလာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပျိုမဒီ ရင်ထိစေမဲ့ အကြည့်တစ်ချက်ကို ပေးစွမ်းနိုင်မဲ့ ကျန်းမာပြီး တောက်ပ စူးရှတဲ့ မျက်ဝန်းတစ်စုံ ရရှိဖို့ ဂရုစိုက်ရမဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကို စားသုံးပေးပါ

စူးရှတဲ့ မျက်ဝန်းတစ်စုံ

Photo : The View

လေ့လာမှုတစ်ခုအရ အိုမီဂါ-၃ နှင့် အိုမီဂါ-၆ ဖက်တီးအက်ဆစ် ဖြည့်စွက်စာများက ခြောက်သွေ့သော မျက်လုံးရောဂါလက္ခဏာများကို ကုသရာတွင် ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွီးတို့မျက်လုံးကို ရေဓာတ်ပြည့်ဝစေပြီး ကျန်းမာစေဖို့အတွက် ဒီဖက်တီးအက်ဆစ်တွေကို များများစားသုံးပေးပါ။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝသော အစားအစာများမှာ ဆယ်လ်မွန်၊ Chia စေ့များ၊ သစ်ကြားသီး၊ တူနာငါးတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပေးပါ။ ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေမှာ မျက်လုံးပျက်စီးမှုကို ကာကွယ်ပေးတဲ့ Lutein နဲ့ Zeaxanthin လိုမျိုး Antioxidants တွေ ပါဝင်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်အနားယူပါ

စူးရှတဲ့ မျက်ဝန်းတစ်စုံ

Photo : Eat This, Not That

အိပ်ရေးမဝခြင်းက အလုံးစုံသော ကျန်းမာရေးကိုသာမက မျက်လုံးများကိုလည်း ထိခိုက်စေပါတယ်။ မျက်ကွင်းညိုခြင်းနဲ့ ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို ဖြစ်ပေါ်စေပါလိမ့်မယ်။ လူတစ်ယောက်အတွက် လုံလောက်သော အိပ်စက်အနားယူမှုကို ရစေရန် တစ်ညမှာ အိပ်ချိန် ၇ နာရီကနေ ၈ နာရီခန့် ရှိသင့်ပါတယ်။ အိပ်ရာမဝင်ခင်မှာ ကဖိန်းဓာတ်ကို ရှောင်ကြဉ်ပြီး အိပ်ခန်းထဲမှာ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ ကောင်းစွာအိပ်စက်ခြင်းက ကွီးတို့ရဲ့ မျက်လုံးကို သဘာဝအတိုင်း စူးရှ တောက်ပစေပါလိမ့်မယ်။

နေကာမျက်မှန်တပ်ပါ

စူးရှတဲ့ မျက်ဝန်းတစ်စုံ

Photo : MensXP

မျက်လုံးများကို နေရောင်မှ ကာကွယ်ခြင်းက မျက်လုံးခြောက်ခြင်းကို တားဆီးနိုင်ပြီး မျက်ခွံပေါ် သို့မဟုတ် မျက်လုံးအောက်ရှိ ထိခိုက်လွယ်သော အရေပြားများ နေလောင်ခြင်းအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့သော နေရာများကို သွားပါက နေကာမျက်မှန်တပ်ပါ။ သင့်တော်တဲ့ နေကာမျက်မှန် တစ်စုံက ကွီးတို့မျက်လုံးကို နေရဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ ခရမ်းလွန်ရောင်ခြည် အလွန်အကျွံ ထိတွေ့ခြင်းက အတွင်းတိမ်နှင့် အမြင်အာရုံယိုယွင်းခြင်း ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ UVA နှင့် UVB Rays များကို ၉၉ ရာနှုန်း မှ ၁၀၀ ရာနှုန်း အထိ တားဆီးပေးသော မျက်မှန်အမျိုးအစားကို ရွေးချယ်ပါ။

ရေများများ သောက်ပါ

Photo : Scary Symptoms

ရေဓာတ်ပြည့်ဝနေခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့အပြင် မျက်လုံးနှင့် အသားအရေအတွက် အရေးပါပါတယ်။ ကွီးတို့ မျက်လုံးလေးများ ခြောက်သွေ့ခြင်းကင်းပြီး ရေဓာတ်ပြည့်ဝနေစေဖို့ အနည်းဆုံး တစ်နေ့ကို ရေ ရှစ်ခွက်ခန့်‌ သောက်သုံးပေးပါ။

မျက်လုံးလေးများကို အနားပေးပါ

Photo : Storyblocks

ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် မျက်လုံးလေးတွေက ညောင်းညာပင်ပန်းလာနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးလေးတွေကို အနားပေးဖို့ မျက်တောင် ခဏခဏ ခပ်ပေးခြင်း၊ ကွန်ပျူတာကို မိနစ် ၃၀ သို့မဟုတ် ၄၀ ခန့်ကြည့်ပြီးတိုင်း မျက်လုံးလေးများကို ခဏမှိတ်ပြီး အနားပေးခြင်းတို့ကို လုပ်ဆောင်ပါ။ သို့မဟုတ် (20-20-20 Rule) ကို စမ်းကြည့်ပါ။ ဒီနည်းလမ်းလေးကတော့ မျက်လုံးအနားပေးတဲ့ အနေနဲ့ မိနစ် ၂၀ တိုင်း ၂၀ ပေအကွာခန့်ကို စက္ကန့် ၂၀ ကြည့်ပါ။

ဆရာဝန်နဲ့ ပြသပါ

Photo : University Hospital

အကယ်၍ ကွီးတို့ မျက်လုံးယားယံတာ၊ ပြင်ပမှ တစ်စုံတစ်ခုကြောင့် ထိခိုက်မိတာ၊ အမြင်အာရုံမရှင်းတာ စတဲ့ မျက်လုံးပတ်သတ်ပြီး တစ်ခုခုမူမှန်တာ ခံစားရပါက ဆရာဝန်နဲ့ စမ်းသပ်ပြီး ကုသမှု ခံယူပါ။ မပေါ့ဆပါနဲ့။

ကွီးတို့ရေ ဒီနည်းလမ်းတွေ ကွီးတို့ရဲ့မျက်လုံးကျန်းမာရေးကို ဂရုစိုက်ပြီးသားဖြစ်သလို့ တောက်ပပြီး စူးရှတဲ့ မျက်ဝန်းတစ်စုံ ကိုရရှိဖို့ ကူညီပေးနိုင်တာကြောင့် လိုက်နာဖို့ အကြံပြုလိုက်ပါတယ်နော်။

Source : Web MD, Healthline

Featured Photo : AD Vision