ကမ္ဘာပေါ်က အလှပဆုံးအချိန်တွေထဲမှာ နေလုံးကြီး မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်ခါနီး အချိန်ဖြစ်တဲ့ နေဝင်ချိန်လည်း အပါအဝင် ဖြစ်ပါတယ်။ နေဝင်ချိန်မှာ ခံစားနိုင်တဲ့ ညနေဆည်းဆာအလှဟာ ဘာနဲ့မှ မလဲနိုင်အောင် သဘာဝတရားရဲ့ ထူးခြားစစ်မှန်သော အလှတရားတို့ကို ပေးစွမ်းနိုင်သည်သာမက စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းတဲ့အချိန်ကို ပေးစွမ်းနိုင်တယ်ဆိုလည်း မမှားပါဘူး။ ဆက်လက်ပြီးတော့ လေပြေညှင်းများနဲ့ အတူ ကမ္ဘာပေါ်က အလှပဆုံးသော နေဝင်ချိန် များကို ရှုစားလိုက်ရအောင်။
Santorini
Photo : hote.com
ဂရိမှာရှိတဲ့ Santorini ရဲ့ နေဝင်ချိန်က အမှန်တကယ်ကို လှပတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ ခရီးသွားများ အကြား ရေပန်းစားပါတယ်။ အဖြူရောင်လွှမ်းနေတဲ့ Oia မြို့ကလည်း ညနေဆည်းဆာကို ခံစားနိုင်ဖို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ နေမင်းကြီး ဝင်ရောက်ပျောက်ကွယ်ခါနီး နေဝင်ရီတရောအချိန်မှာ Aegean ပင်လယ်ပြင်ဟာ လှပသော နှင်းဆီပန်းရောင် ဖြင့်လင်းလက်နေပြီး မှော်ဆန်သော နေဝင်ဆည်းဆာကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
Amsterdam
Photo : Rough Guide
နယ်သာလန်မှာရှိတဲ့ Amsterdam ရဲ့ တူးမြောင်းများက အချိန်တိုင်း မှော်ဆန်ဆန်လှပတယ်လို့ ဆိုနိုင်သော်ငြားလည်းပဲ အထူးသဖြင့် နေဝင်စပြုလာပြီး ရေပေါ်မှာ ပေါ်နေတဲ့ နေရဲ့ ရွှေရောက်တောက်နေတဲ့ အလင်းရောင်တွေ တဖျက်ဖျက်လင်းလက်နေချိန်က အလှပဆုံးလို့ ဆိုပါတယ်။ တူးမြောင်းတစ်လျှောက် လှေစီးပြီး လေပြေညှင်းများနဲ့ အတူ နေဝင်ချိန် ကို ကြည့်ရှုခံစားရတာဟာ ရင်သပ်ရှုမောဖွယ် အလှတရားနဲ့ တစ်သားတည်း ဖြစ်စေမှာပါ။
Isle of Skye
Photo : Rough Guide
Isle of Skye ကတော့ စကော့တလန်နိုင်ငံရဲ့ အနောက်မြောက်ဘက် ကမ်းရိုးတန်းကို တံတားဖြင့်ဆက်သွယ်ထားပြီး Inner Hebrides ကျွန်းစုရှိ အကြီးဆုံးကျွန်း ဖြစ်ပါတယ်။ ၎င်းရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းများ၊ လှပသော ငါးဖမ်းရွာများနဲ့ အလယ်ခေတ်ရဲတိုက်များကြောင့် လူသိများပါတယ်။ ထိုနေရာမှာရှိတဲ့ ဓာတ်ပုံအရိုက်ခံရဆုံး ဖြစ်တဲ့ Quiraing ဟုလူသိများတဲ့ ထူးခြားသော ပုံသဏ္ဍန်ရှိတဲ့ နေရာမှာ တောက်ပသော နေဝင်ဆည်းဆာအလှကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
ကိုင်ရို
Photo : Askidea.com
အလှပဆုံးသော နေဝင်ချိန်ကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာလည်း ခံစားနိုင်ပါတယ်။ ကြီးမားသော ပိရမစ်များကြားမှာ နစ်မြှပ်လုဆဲဆဲ တောက်ပနေတဲ့ နေရောင်က စိတ်ခံစားမှုတစ်ခုခုကို ပေးစွမ်းနေသလိုပါပဲ။ ဒါ့အပြင် ပိရမစ်တွေပေါ်မှာ ဖျာကျနေတဲ့ အလင်းရောင်နဲ့ နေဝင်ချိန်က အခြားသောနေရာများနဲ့မတူဘဲ လေးနက်ပြီး၊ အဓိပ္ပါယ်တစ်ခုခုကို ဖော်ဆောင်နေသလို ခံစားရစေမှာပဲ ဖြစ်ပါတယ်။
ဗင်းနစ်
Photo : Rough Guide
အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့လေးက တစ်ကယ်ကို လှပပြီး အိမ်မက်ဆန်တဲ့ မြို့လေးတစ်ခုပါ။ ထိုမြို့လေးမှာ စကျင်ကျောက် ဘုရားရှိခိုးကျောင်းများ၊ တူးမြောင်းများ လမ်းကျဉ်းလေးများနဲ့ နေ့ဘက်မှာ အသက်ဝင် လှပတယ်ဆိုရင် ညနေဘက် နေဝင်ချိန်မှာတော့ ဂန္တဝင်ဆန်ဆန် လှပမှုကို ဖော်ကျူးနေတာပါ။ အိမ်မက်ဆန်တဲ့ ဗင်းနစ်မြို့လေးမှာ လှပတဲ့ နေဝင်ချိန်ကို ချစ်ရသူလေးနဲ့ အတူတူခံစားရင်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ ကြည်နူးမှုကို ခံစားရစေမှာတော့ အသေအချာပါပဲ။
အလှပဆုံးသော နေဝင်ချိန်တွေက လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းအတွက် မတူညီသော အဓိပ္ပာယ်နဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သဘာဝတရားကြီးက လူသားတွေအတွက် အလှပဆုံးသော နေဝင်ဆည်းဆာတွေကို ထာဝရ ဖော်ကျူးပေးလျက်ရှိတာပဲ မဟုတ်ပါလား။
Source : Rough Guide
Featured Photo : Santorini