Crazy Rich Asians တွေလို့ လူသိများတဲ့ စင်္ကာပူဟာ အရှေ့တောင်အာရှထဲက ဈေးအကြီးဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် ကျော်ကြားပါတယ်။ စင်္ကာပူကို အလည်အပတ် ခရီးသွားမယ်ဆိုရင် နေထိုင်တည်းခိုစရိတ် ၊ သွားလာစရိတ်နဲ့ စားသောက်စရိတ်တွေ အားလုံးပေါင်း ငွေအတော်လေးကုန်ကျနိုင်တာကြောင့် များသောဖြင့် ငွေပေါပေါများများ တက်နိုင်တဲ့ လူချမ်းသာတွေသာ သွားရောက်လည်ပတ် နိုင်ပါတယ်။ သို့သော်လည်း သင်ဟာ သဘာဝတရားကို ချစ်မြတ်နိုးတယ် ၊ စွန့်စားမှုနဲ့ ခရီးသွားရတာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စလုံး တခွင်က Budget-Friendly ဖြစ်တဲ့ ခရီးသွားနေရာတွေကို ညွှန်းပေးချင်ပါတယ်။
(၁) Gardens by the Bay

Photo : CK Travels
Gardens by the Bay ကတော့ စလုံး ရဲ့ အထင်ကရ ခရီးသွားနေရာတွေထဲက တစ်ခုပါ။ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဥယျာဉ် ၁၃ ခုရှိပြီး အဲ့ဒီထဲက ၁၀ ခုကတော့ အခမဲ့သွားရောက်လည်ပတ်ခွင့် ပေးထားပါတယ်။ ဥယျာဉ်တွေရဲ့ လမ်းတစ်လျှောက် စိမ်းစိုလှပတဲ့ ရှုခင်းတွေ ၊ ရေကန်တွေနဲ့ စိတ်ဝင်စားစရာ ပန်းပုရုပ်တုတွေ များစွာရှိပြီး အေးအေးဆေးဆေး အနားယူအပန်းဖြေဖို့အတွက် သွားရောက်သင့်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။
(၂) Singapore Botanic Gardens

Photo : Conde Nast Traveler
စင်္ကာပူ ရုက္ခဗေဒဥယျာဉ် (Singapore Botanic Gardens) ဟာ နှစ်ပေါင်း ၁၆၀ ကျော်သက်တမ်းရှိပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်ကစလို့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ ဒီဥယျာဉ်ကြီးဟာ ဟက်တာ ၈၀ ကျော်ကျယ်ဝန်းပြီး သစ်ခွပန်းပင်တွေ ၊ အာရှတခွင်က ကျော်ကြားတဲ့ ပန်းမျိုးစိတ်တွေအများကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Singapore Botanic Gardens ထဲက အထင်ကရ သစ်ခွဥယျာဉ်ကတော့ ဝင်ကြေး SGD 5 ကျသင့်မှာဖြစ်ပြီး ကျန်တဲ့ ဥယျာဥ်တွေအားလုံးကို အခမဲ့သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
(၃) Merlion Park

Photo : Time Out
Merlion ကတော့ နိုင်ငံတကာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ စင်္ကာပူရဲ့အထင်ကရ နေရာတစ်ခု ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း အမြင့် ၈.၇ မီတာရှိတဲ့ ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်လုံး ရုပ်ထုကြီးတည်ရှိရာနေရာ ဖြစ်ပြီး ပင်လယ်အော်ရှုခင်းတွေကို ကြည့်ရှုခံစားဖို့အတွက်အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ အကယ်၍ စလုံး ကို Budget Trip ထွက်မယ်ဆိုပါက တစ်နေ့တာလုံး အခမဲ့လည်ပတ်နိုင်တဲ့ Merlion Park ကို သေချာပေါက်သွားရောက်ဖို့ အကြံပေးချင်ပါတယ်။
(၄) Sentosa Island Beaches
Photo : Hotels.com
Sentosa ကျွန်းက ကမ်းခြေတွေကို သွားရောက်လည်ပတ်တဲ့အခါ Sentosa Express Tram ကို အသုံးပြုနိုင်ပေမယ့် ငွေချွေတာချင်တယ်ဆိုရင်တော့ Sentosa Boardwalk ကို ဖြတ်ပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်ပါတယ်။ ကျွန်းမှာ လှပတဲ့ ကမ်းခြေ ၃ ခုခန့်ရှိပြီး Palawan Beach ကတော့ အလှဆုံးနဲ့ ရှုခင်းတွေ သာယာဆုံး ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ “Southernmost Point of Continental Asia” လို့သတ်မှတ်ထားတဲ့ အခြားကျွန်းငယ်လေးတွေနဲ့ ဆက်သွယ်ထားတဲ့ နာမည်ကြီးကြိုးတံတားကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၅) Chinatown

Photo : Hotels.com
စလုံး မှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအတွက် Budget နည်းနည်းနဲ့ သွားရောက်လည်ပတ်နိုင်တဲ့ နေရာတစ်ခုကတော့ Chinatown ပါပဲ။ အဲဗာတန်လမ်းနဲ့ Spottiswoode ပန်းခြံလမ်းတွေမှာ စင်္ကာပူ Local Artists တွေရဲ့ အမိုက်စား Street Art တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး လှပခမ်းနားတဲ့ ဘုရားကျောင်းတွေကိုလည်း အခမဲ့သွားရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
နောက်ထပ် စလုံး တခွင်မှာ ကုန်ကျစရိတ်နည်းနည်းနဲ့ သွားရောက်လည်ပတ်လို့ရတဲ့ နေရာလေးတွေ ကွီးတို့သိရင်လည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Featured Photo : Singapore

