Home Sweet Home မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲဆိုတာ ကွီးတို့ သိပြီးပြီလား။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝသည် သူ့အလိုလို ပိုင်ဆိုင်နိုင်တာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း ကြိုးစား အားထုတ်မှုလိုအပ်ပါတယ်။ အချို့ အိမ်ထောင်ဦးစီးတွေ ထင်နေတာက “ငါက စီးပွားရှာပေးနေတာပဲ။ ပိုက်ဆံ ရှာပေးနေရင် လုံလောက်ပြီ” လို့ မှတ်ယူလိုက်ကြပါတယ်။ ကွီးတို့ရော ပိုက်ဆံ ရှာပေးရုံတစ်ခုတည်းနဲ့ Home Sweet Home မိသားစု ဘဝကို ပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ပါသလား။
သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပိုက်ဆံရှာခြင်းအပြင် အခုဖော်ပြပေးမယ့် အချက်များပါ လိုအပ်ပါတယ်။
အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို Balance ဖြစ်နေအောင် ကြိုးစားပါ
ပိုက်ဆံရှာဖို့အတွက် အလုပ်ချည်းပဲ ဖိလုပ်နေတဲ့အခါမှာ ကိုယ့်မိသားစုဝင်တွေရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုမိသွားပါလေရော။ တစ်ခါ အလုပ် မလုပ်ဘဲ ကိုယ်ပိုင်ဘဝမှာ ပျင်းရိလေးပင်နေပြန်ရင်လည်း ကိုယ့်မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် စိတ်ပူရပြန်ပါရော။ ဒါ့ကြောင့် အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မျှခြေဖြစ်အောင် ကြိုးစားဖို့ လိုအပ်တာဖြစ်ပါတယ်။ သို့မှသာလျှင် ကိုယ်လိုချင်တဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ပါ ဆိုတဲ့ နေရာမှာ ခန္ဓာကိုယ် ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးအတွက်ပါ ဆိုလိုခြင်းဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာ ကိုယ် ဝါသနာပါတဲ့အရာတွေနဲ့ အချိန်ကုန်ဆုံးပါ။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့လိုအပ်ပါတယ်။ ကိုယ့် မိသားစုအတွက် အချိန်ပေးသလို ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်ကိုလည်း ကိုယ်ကိုယ်တိုင် ဖန်တီးပြီး ပျော်ရွှင်စွာနေထိုင်ဖို့ လိုအပ်ပါတယ်။
စည်းကမ်း ချမှတ်ထားပါ
သားသမီး မွေးထားတဲ့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ချစ်လွန်းလို့ အလိုလိုက်တာမျိုးတွေ ရှိပါတယ်။ ဘယ်ကိစ္စမဆို သူတို့ခြေ သူတို့လက်နဲ့ မလုပ်စေနဲ့ ကိုယ်ကချည်းပဲ လုပ်ပေးနေတဲ့အခါ ထိုကလေးက ကြီးလာရင် ဘာမှ လုပ်တတ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် မိဘအနေနဲ့ ကိုယ့်ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်ပိုင် တာဝန်လေးတွေ ပေးအပ်ဖို့ လိုအပ်ပါတယ်။ တချို့မိဘတွေက ကလေးငြိမ်ရင် ပြီးရော ဖုန်းပေးသုံးထားတတ်ကြပါတယ်။ လူကြီးတွေတောင် ဖုန်းကို စွဲစွဲလမ်းလမ်း အသုံးပြုနေကြတဲ့အချိန်မှာ ကလေးတွေက သူတို့ကိုယ်သူတို့ မထိန်းကျောင်းတတ်ကြသေးပါဘူး။ ဒါ့ကြောင့် ကိုယ်က မိဘနေရာ ရောက်တဲ့အခါ ကလေးတွေကို စည်းကမ်းနဲ့ ကိုင်သင့်ရင် ကိုင်ရပါမယ်။ ချော့တစ်လှည့် ခြောက်တစ်လှည့် ထိန်းကျောင်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းနဲ့ ကိုင်တဲ့အခါမှာလည်း ကိုယ့်ဘက်ကလည်း လမ်းပြကောင်းတစ်ယောက်ဖြစ်ဖို့လိုအပ်ပါတယ်။ ကလေးတွေကိုတော့ ဖုန်း မသုံးရဘူးဆိုပြီး စည်းကမ်းထုတ်ထားပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ ဖုန်းနဲ့ မျက်နှာ မခွာဘူးဆိုရင်တော့ ကလေးတွေက ထိုစည်းကမ်းကို လိုက်နာမှာလည်း မဟုတ်သလို ကိုယ့်ကိုလည်း လေးစားမှာ မဟုတ်ပါဘူး။
Communication ကောင်းဖို့လည်း လိုအပ်ပါတယ်
ကိုယ့် ဇနီးသည်နဲ့ ကိုယ်နဲ့ကြား ဆက်ဆံရေး၊ ဖခင်နဲ့ သားသမီးကြား ဆက်ဆံရေးသည် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ဆက်ဆံတတ်ဖို့လိုအပ်ပါတယ်။ ကလေးတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းတဲ့အခါမှာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိနိုင်ပါတယ်။ ကောင်းကျိုးကတော့ ကလေးတွေက တစ်ခုခုဆို ကိုယ်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့ ဝန်မလေးကြတော့ပါဘူး။ ဆိုးကျိုးအနေနဲ့ကတော့ ကိုယ့်ကို တော်ရုံ တန်ရုံဆို ကြောက်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး ပြောင်းလဲစွာ ဆက်ဆံတတ်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုဆိုတာနဲ့ သားသမီးကို အပြစ်တင်မယ်၊ ဆူလိုက်၊ ငေါက်လိုက် လုပ်မယ်ဆိုရင် ထိုကလေးသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းသွားမှာဖြစ်ပြီး ဘာမှ မလုပ်ရဲ မကိုင်ရဲဖြစ်လာပါလိမ့်မယ်။
မိသားစုအတွက် အချိန်ပေးပါ
ရုံးပိတ်ရက်တွေမှာ မိသားစုလိုက် အားကစားတစ်ခုခု အတူတူ ပြုလုပ်ကြတာမျိုး (သို့) ပျော်ပွဲစား အတူတူ ထွက်ကြတာမျိုး (သို့) ရုပ်ရှင် သွားကြည့်ကြတာ၊ အပြင်မှာ ထွက်စားကြတာမျိုးတွေ ပြုလုပ်ပြီး မိသားစုအတွက် အချိန်ပေးသင့်ပါတယ်။ ပျော်စရာတစ်ခုခု ပြုလုပ်နေမှမဟုတ်ပါဘူး။ အိမ်အလုပ်တွေ အတူတူ ပြုလုပ်ကြတာသည်လည်း မိသားစုကြား ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါတယ်။ အိမ်အလုပ်တွေဆိုတော့ ကလေးတွေက လုပ်ချင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ အားလုံး အတူတူ လုပ်ပြီးသွားရင် ရုပ်ရှင်ကြည့်ရင်း မုန့်စားကြမယ်၊ ရှော့ပင်းထွက်ကြမယ် စသည်ဖြင့် ဆုချီးမြှင့်နိုင်ပါတယ်။
ကိုယ့်ရဲ့ မဟေသီအတွက်လည်း အချိန်ပေးပါ
မိသားစုအတွက် အချိန်ပေးပြီးပြီပဲ။ ကိုယ့်အမျိုးသမီးအတွက် ဘာလို့ အချိန်ထပ်ပေးဖို့ လိုနေဦးမလဲ လို့ မေးဖွယ်ရာရှိပါတယ်။ အိမ်ထောင်သက် ကြာလာသည်နှင့်အမျှ တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်ဆံရေးတွေ အေးစက်မသွားဘဲ တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးကြင်နာတတ်ဖို့ဆိုရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့နှစ်ယောက်သည် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ဆိုတော့ အိမ်ထောင်အတွက် လိုအပ်တဲ့အရာတွေကို နှစ်ယောက်သား အတူတူ တိုင်ပင်မှသာလျှင် တိကျပြတ်သားပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော Home Sweet Home မိသားစုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်တွေအပြင် ဘာတွေ လိုအပ်ဦးမယ်လို့ ထင်ပါသလဲ။
Source: Familylives
Featured Image: Freepik