မိတ်ဆွေတို့ရေ ဘဝဆိုတာ ကိုယ်စီကိုယ်စီ ရည်မှန်းချက်တွေနဲ့ လျှောက်လှမ်းနေရတဲ့ ပြေးလမ်းတစ်ခု လိုပါပဲ။ အချို့ကတော့ မိမိရဲ့ ပြေးလမ်းပေါ်မှာ အရှိန်အဟုန်နဲ့ မောင်းတင်လျှောက်လှမ်းပြီး ပန်းဝင်နိုင်ကြသလို၊ အချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပန်းဝင်တဲ့အထိ မလျှောက်လှမ်းနိုင်ကြပါဘူး။ ဒါ့အပြင် ဘဝဆိုတာ အမြဲတမ်း ဖြောင့်ဖြူးနေတာမျိုး မဟုတ်ဘဲ အနိမ့်အမြင့် အတက်အကျတွေနဲ့ ပြည့်နှက်နေတာဖြစ်တဲ့အတွက် ပန်းဝင်တဲ့အထိ လျှောက်လှမ်းနိုင်ဖို့ဆိုတာလည်း လွယ်ကူနေတာတော့ မဟုတ်ပါဘူး။ လောကဓံတွေ၊ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေကြောင့် ဘဝပြေးလမ်းပေါ်မှာ လဲကျနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ ဘဝ ပြေးလမ်းပေါ်မှာ ချော်မကျစေဘဲ မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ အထောင်အကူပြုနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
တတ်ကြွမှု ရှိပါ
Photo : Work It Daily
တစ်ခုခုကို လိုချင်တာပဲဖြစ်ဖြစ်၊ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေတို့အနေနဲ့ တတ်ကြွမှုရှိဖို့ လိုပါတယ်။ တတ်တတ်ကြွကြွနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီကို လျှောက်လှမ်းခြင်းက ပိုမိုအောင်မြင်ဖို့ အလားအလာများပါတယ်။ လေးလံထိုင်းမှိုင်းပြီး စိတ်အားတတ်ကြွမှုမရှိရင် အောင်မြင်မှုပန်းတိုင်ကို လျှောက်လှမ်းနိုင်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ဘယ်အရာကိုမဆို စတင်ချိန်မှ အဆုံးထိ တတ်တတ်ကြွကြွနဲ့ လုပ်ဆောင်ပါ။
ဟန်ချက်ညီပါစေ
Photo : LinkedIn
ပြေးလမ်းပေါ်မှာ အပြေးသမားတစ်ယောက်ဟာ ဟန်ချက်ညီမှု မရှိရင် ကြာကြာပြေးနိုင်မှာ မဟုတ်ဘဲ လဲကျဖို့ကတော့ ရာနှုန်းပြည့်ပါပဲ။ ထို့အတူပါပဲ၊ မိတ်ဆွေတို့အနေနနဲ့ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်လိုစောနဲ့ အစွမ်းကုန်လုပ်ဆောင်မှုများက ရေရှည်မှာ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်လာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် လူသားဖြစ်တဲ့အကြောင်း သတိရကာ တစ်ဖက်စွန်းရောက်အောင် အလွန်အကျွံလုပ်ခြင်းကို ရှောင်ပြီး မိမိကိုယ်ကိုယ်အနားပေးသင့်ရင် ပေးရပါမယ်။ ဒါကြောင့် လက်တွေ့ကျကျ ကိုယ့်ရဲ့ ဘဝနဲ့ အလုပ်ကို ဟန်ချက်ညီအောင် စီမံပြီး တစိုက်မတ်မတ်လျှောက်လှမ်းသင့်ပါတယ်။
ကြိုးစားပါ
Photo : Testosterone Centers of Taxes
မိတ်ဆွေတို့ရေ ဒီကမ္ဘာကြီးမှာ ကြိုးစားသူများအတွက် နေရာ အမြဲတမ်းရှိပါတယ်။ ကြိုးစားအားထုတ်မှု ရှိသူတိုင်းက ထိုက်တန်တဲ့ နေရာတစ်နေရာကို အမြဲတမ်းပိုင်ဆိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်လိုအခြေအနေမျိုးမှာ မဆို အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပါ။ အချိန်ကို တန်ဖိုးထားပြီး အကျိုးရှိရှိ အသုံးချပါ။ မဆုတ်မနစ်ကြိုးစား လုပ်ဆောင်ရင် ကိုယ့်ဘဝအတွက် အောင်မြင်မှုဆီကို အမြန်ဆုံး ပန်းဝင်နိုင်မှာပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ
Photo : Great People Inside
ဘဝပြေးလမ်းပေါ်မှာ ချော်မလဲဘဲ ပန်းဝင်စေနိုင်မယ့် အကြီးမားဆုံး အထောက်အပံ့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းပါပဲ။ဲ။ ဘယ်လို အခြေအနေတွေ ရင်ဆိုင်နေရပါစေ “ငါ အောင်မြင်နိုင်တယ်”၊ “ငါကျော်လွှားနိုင်တယ်” ဟူသော အပြုသဘောဆောင်တဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထားရှိပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိခြင်းက ထိုအခက်အခဲကို အောင်မြင်ဖို့ ပိုပြီး အလားအလာများပါတယ်။ ယုံကြည်မှုနဲ့ အရာရာကို ကျော်လွှားပါ။
အကူအညီ ရယူပါ
Photo : Work It Daily
မိတ်ဆွေတို့ရေ အခက်အခဲတွေကြုံတဲ့အခါ တစ်ယောက်တည်း ဖြေရှင်းတာ၊ ရုန်းကန်တာမျိုး မလုပ်ပါနဲ့။ ကိုယ့်ထက် အောင်မြင်တဲ့သူ၊ အတွေ့အကြုံရှိသူများထံမှ အကြံဉာဏ်ရယူပါ။ တစ်ခါတစ်ရံ ကိုယ်မစဉ်စားမိတဲ့ မတူညီတဲ့ ရှုထောင့်များနဲ့ အတွေးအမြင်သစ်တွေက မိတ်ဆွေတို့ကိုရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ လမ်းစရနိုင်ပါတယ်။ ဒါ့အပြင် အခြားသူများရဲ့ အတွေးအမြင်များထံမှ သင်ယူလေ့လာစရာများ ရနိုင်သလို၊ ၎င်းတို့ရဲ့ အတွေ့အကြုံများထံမှလည်း သင်ခန်းစာများ ရယူနိုင်ပါတယ်။ ဒီအချက်လည်း မိတ်ဆွေတို့ရဲ့ ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ဖို့ အထောက်အကူပြုတဲ့ အရေးပါတဲ့ အချက်တစ်ခုပါပဲ။
သုံးသပ်ပါ
Photo : Forbes
ဘဝ ပြေးလမ်းပေါ်မှာ ချော်မကျစေဘဲ မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေလိုအပ်နေသလဲ၊ ဘာတွေပြင်ဆင်ရမလဲ၊ ပိုပြီးကောင်းမွန်အောင် ဘယ်လိုပြုပြင်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် သိဖို့လိုပါတယ်။ ပြန်လည်သုံးသပ်ပြီးနောက် ပြင်ဆင်ရမယ့်အချက်များကိုလည်း ပြင်ဆင်ဖို့ အချိန်မဆွဲပါနဲ့။
အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါလိမ့်မယ်။
Featured Photo : Vista Create