တစ်ကိုယ်ရည် သန့်ရှင်းရေးကို လူတိုင်းလူတိုင်း အလေးပေး ဆောင်ရွက်သင့်ပါတယ်။ အထူးသဖြင့် ဒီလို ပူအိုက်တဲ့ ရာသီမျိုးမှာ ချွေးထွက်များပြီး အနံ့အသက်များရှိနိုင်တာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးအလေးထား ဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးလို့ ပြောလိုက်တာနဲ့ အောက်ပိုင်း ဖွားဖက်တော်နဲ့ အနီးတစ်ဝိုက်ကိုလည်း မေ့မထားသင့်ပါဘူး။ ဖွားဖက်တော် တစ်ဝိုက် သန့်ရှင်းရေးကို အလေးပေးခြင်းဖြင့် အရေပြားယားယံခြင်းနှင့် အချို့သော ကူးစက်ရောဂါများကဲ့သို့သော ကျန်းမာရေး ပြဿနာများကို လျော့နည်းစေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ပုရိသတို့အတွက် ဖွားဖက်တော် သန့်ရှင်းရေး ကို လုပ်ဆောင်ရာမှာ သိထားသင့်တဲ့ အချက်လေးများကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
Photo : YouTube
(၁) ပုရိသတို့ အနေနဲ့ နေ့တိုင်း ဖွားဖက်တော် (လိင်တံ) ကို ညင်သာစွာ ဆေးကြောသင့်ပါတယ်။ ရေနှင့် အလွန်နူးညံ့သော ဆပ်ပြာကိုသာ အသုံးပြုပြီး လိင်တံနဲ့ လိင်တံထိပ် (ဂလင်းများ) ကို ဂရုတစိုက် ဆွဲထုတ်ပြီး ဆေးကြောသန့်စင်ပေးပါ။
(၂) ဆပ်ပြာသုံးတာ အဆင်ပြေပေမယ့် အလွန်အကျွံသုံးတာက လိင်တံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သတိပြုပါ။
(၃) ဆေးကြောရာမှာ ဖွားဖက်တော်နဲ့တစ်ဝိုက်ကို အရမ်းပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ ထိခိုက်လွယ်တာကြောင့် ဖြစ်ပါတယ်။
Photo : PHOENIX
(၄) ဆေးကြောသန့်စင်ပြီး လိင်တံထိပ်ဖျား၊ လိင်အင်္ဂါအောက်ရှိ ဧရိယာနှင့် ကျန်လိင်တံတစ်ဝိုက်ကို ညင်သာစွာ ခြောက်အောင် သေချာသုတ်ပါ။ ပေါင်ခြံကဲ့သို့သော နေရာများမှာ များသောအားဖြင့် ပူနွေး စိုစွတ်နေလျှင် ဘတ်တီးရီးယားများပေါက်ဖွားရန် အကောင်းဆုံး ဖြစ်နေတတ်ပါတယ်။ ဘတ်တီးရီးယားပိုးများ ရှိနေခြင်းကြောင့် အနံ့ဆိုးများ နှင့် အရေပြား ပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ထိုနေရာတစ်ဝိုက်ကို ညင်သာစွာ ဆေးကြောပြီးလျှင် သေချာခြောက်သွေ့အောင်ထားပါ။
Photo : Spy
(၅) အထူးသဖြင့် အတွင်းခံဘောင်းဘီကို မဝတ်မီ ထိုနေရာတစ်ဝိုက် ခြောက်သွေ့နေကြောင်း သေချာပါစေ။
(၆) ဆီးမသွားမီ လိင်တံကို လက်နဲ့မထိခင်မှာလည်း လက်ကို သေချာဆေးကြောဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဓာတုပစ္စည်းများ၊ မသန့်ရှင်းသော အရာများကို ကိုင်တွယ်မိပြီး လိင်တံကိုထိမိပါက လိင်တံကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။
Photo : Male Ultra Core
လိင်အင်္ဂါတစ်ဝိုက် ယားယံခြင်းက များသောအားဖြင့် သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်နိုင်တာကြောင့် ပုရိသတို့ရဲ့ ဖွားဖက်တော် သန့်ရှင်းရေး ကို ပုံမှန် အလေးပေးသင့်ပါတယ်။ ဒါ့အပြင် လိင်တံ နာကျင်ခြင်း၊ နီရဲခြင်း သို့မဟုတ် ယားယံခြင်းနဲ့ အခြားသော မူမမှန်သော လက္ခဏာများ တွေ့ရှိရပါက လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ကာ အမြန်ဆုံး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Source : Health Direct
Featured Photo : Premier Clinic