ရက်တို ခရီးထွက် ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ခံစားနေရတဲ့ စိတ်ဖိစီးမှုများကို ပြေပျောက်စေပါတယ်။ ဒါ့ကြောင့်လည်း အချို့ခရီးသွားချစ်သူများက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ တစ်ညအိပ်၊ နှစ်ရက်ခရီး၊ နှစ်ရက်အိပ်၊ သုံးရက်ခရီး စသည်ဖြင့် ရက်တို ခရီးထွက် ကြတာဖြစ်ပါတယ်။
ကွီးတို့လည်း ရက်တိုခရီးထွက်ဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်များကို သိထားသင့်ပါတယ်။
အစီအစဥ် ရေးဆွဲပါ
ရက်တို ခရီးဖြစ်တဲ့အတွက်ကြောင့် အချိန်တွေ အများကြီးရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်နေရာ သွားလည်ချင်သလဲ၊ ဘယ်လို Activities တွေ လုပ်မလဲ စတာတွေကို ကြိုတင်စဥ်းစားထား သင့်ပါတယ်။ လူသိပ် မသိတဲ့ နေရာတွေ သွားမယ့်အစား၊ နာမည်ကြီးပြီး လူသိများတဲ့ နေရာဒေသများဆီ သွားရောက်လေ့လာ ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ ခရီးက အစီအစဥ်တကျလေး ဖြစ်နေမယ်ဆိုရင် ပိုပြီးတော့ ပျော်ဖို့ ကောင်းပါလိမ့်မယ်။
ခရီးဆောင်အိတ်ကို လေးပင်နေအောင် ထည့်မသွားပါနဲ့၊ ပေါ့ပေါ့ပါးပါးပဲ ထုတ်ပိုးသွားပါ
ရက်တိုခရီးဖြစ်တဲ့အတွက်ကြောင့် မလိုအပ်တဲ့ ပစ္စည်းများကို အလေးခံပြီး မသယ်သွားပါနဲ့။ အဝတ်အစား အနည်းငယ်နဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းများသာ ထည့်သွားပါ။ ဒါဆိုရင်တော့ လူပင်ပန်းတာ သက်သာပါလိမ့်မယ်။ ပစ္စည်းတွေ အများကြီး ထုပ်ပိုးသွားတဲ့အခါ မလိုအပ်ပဲ အိမ်ကို ဒီအတိုင်း ပြန်ပါလာမှာပဲ ဖြစ်ပါတယ်။
ခရီးလမ်းတစ်လျှောက်မှာ သုံးစွဲခဲ့တဲ့ ပိုက်ဆံများကိုလည်း စာရင်းပြုစုထားပါ
ကွီးတို့ စုဆောင်းထားသမျှ ပိုက်ဆံတွေ အားလုံးကို တစ်ရက်၊ နှစ်ရက်တည်းနဲ့ အကုန်မခံချင်ကြဘူး ဟုတ်။ ဒါဆိုရင်တော့ ခရီးလမ်းတစ်လျှောက်မှာ ကုန်ကျတဲ့ ပိုက်ဆံတွေကို စာရင်း ပြုစုထားလိုက်ပါ။ ကားလက်မှတ်၊ ရထားလက်မှတ်၊ ဟိုတည် တည်းခိုစရိတ်၊ စားစရိတ်၊ သွားလာစရိတ် အစရှိသည်များကို အသေးစိတ်ပါမချန် စာရင်း ပြုစုထားရမှာဖြစ်ပါတယ်။
ဘာပွဲတွေ ကျင်းပနေသလဲ စုံစမ်းပါ
ကိုယ် သွားလည်တဲ့ မြို့က ဘာပွဲတွေ ကျင်းပနေသလဲဆိုတာကို မသွားခင်ကတည်းက ကြိုတင်စုံစမ်းသွားပါ။ ကွီးတို့အနေနဲ့ စိတ်ပါရင် ထိုပွဲကို ဝင်ရောက်ဆင်နွှဲနိုင်သလို စိတ်မပါဘူးဆိုရင်လည်း ကားလမ်းပိတ်တာမျိုးတွေကို ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်သွားပါလိမ့်မယ်။
ဒေသထွက် အစားအစာများကို မြည်းစမ်းကြည့်ပါ
မြို့တစ်မြို့၊ နေရာသစ်တစ်ခုကို သွားလည်ပါတယ်ဆိုနေမှ ကိုယ် စားဖူးတဲ့ အစားအစာတွေပဲ မှာစားမယ်ဆိုရင်တော့ ခရီးသွားတာ ဘယ်အဓိပ္ပါယ် ရှိပါတော့မလဲ။ ဒေသထွက် အစားအစာ အသစ်အဆန်းများကို မြည်းစမ်းကြည့်မှသာ ထိုဒေသရဲ့ ယဥ်ကျေးမှု အနှစ်သာရ အစစ်ကို မြည်းစမ်းကြည့်ရာရောက်ပြီး ခရီးသွားရတဲ့ ခံစားချက်သည်လည်း အသက်ဝင်လာမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ရက်တို ခရီးသွားဖို့အတွက် ဘာတွေ ပြင်ဆင်ထားပြီးပါပြီလဲ။
Source: Blog.erasmusgeneration
Featured Image: Freepik