သိမ်းငှက်တွေရဲ့ မျက်လုံးဟာ တောက်ပစူးနစ်ပြီး အရောင်တလက်လက် ထနေတယ်လို့ ဆိုကြပါတယ်။ ဝေဟင်ထက်ကနေ မြေပြင်ပေါ်က သားကောင်တစ်စုံတစ်ရာကို ဖမ်းဆီးကုတ်တွယ်ဖို့ သူတို့ရဲ့ အင်မတန် ကြည်လင်ပြတ်သားတဲ့ မျက်လုံးတွေဟာ အဓိကကျပါသတဲ့။ လူသားတွေမှာရော သိမ်းငှက်တစ်ကောင်လို အမြင်အာရုံ စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ဖို့ ဖြစ်နိုင်မယ် ထင်ပါသလား။ သတင်းကောင်းအနေနဲ့ကတော့ ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေဟာ ကျွန်တော်တို့ရဲ့ အမြင်အာရုံကြည်လင်ပြတ်သားမှုနဲ့ မျက်စိကျန်းမာရေးကို အများကြီး အထောက်အကူ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ စူးရှတောက်ပပြီး ကြည်လင်ပြတ်သားတဲ့ မျက်ဝန်းတစ်စုံပိုင်ဆိုင်နိုင်ဖို့ စားသင့်တဲ့အစားအစာတွေ အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) မုန်လာဥနီ
Photo : AZ Animals
လူ့ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေထဲကတစ်ခုက မုန်လာဥနီပါပဲ။ မုန်လာဥနီမှာ ဘီတာကာရိုတင်း ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် A ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ မုန်လာဥနီ စားပေးတာဟာ ညအမြင်အာရုံကို ပိုမိုကောင်းမွန်စေပြီး မျက်စိနဲ့အမြင်အာရုံ ယိုယွင်းပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၂) ဟင်းနုနွယ်ရွက်
Photo : Tasting Table
ဟင်းနုနွယ်ရွက်မှာ ဗီတာမင် E ၊ ဗီတာမင် A ၊ ဗီတာမင် B နဲ့ ဗီတာမင် C ဓာတ်တွေအပြင် ၊ သံဓာတ် ၊ ဇင့်တို့လို သတ္တုဓာတ်တွေ ၊ Lutein နဲ့ Zeaxanthin လို Phytonutrients တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကာရိုတီးနွိုက် ၊ Lutein နဲ့ ဇီဇန်သင်မှာ ဓာတ်တိုးဆန့်ကျင်မှုနဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ ဒါကြောင့် ဟင်းနုနွယ်ရွက်ကို လုံလောက်တဲ့ ပမာဏ နေ့စဉ် စားသုံးပေးခြင်းက မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်းနဲ့ အတွင်းတိမ်ပြဿနာတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ ဇင့်ပါဝင်တာကြောင့် မျက်ကြည်လွှာကိုလည်း ကျန်းမာစေပါတယ်။
(၃) အစေ့အဆန်
Photo : Fine Dining Lovers
အခွံမာသီးနဲ့ အစေ့အဆန်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်နဲ့ ဗီတာမင် E အရင်းအမြစ်ဖြစ်ပြီး ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ Nuts တွေကို စားသုံးပေးတာဟာ အသက်အရွယ်အရ အတွင်းတိမ် ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်တယ်လို့သုတေသန ပြုချက်တွေမှာ ဖော်ပြထားပါတယ်။ အမြင်အာရုံ စူးရှတောက်ပတဲ့ ကျန်းမာတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်နိုင်ဖို့ နေ့စဉ် အခွံမာသီး လက်တစ်ဆုပ်စာ စားပေးဖို့လိုပါတယ်။
(၄) ပန်းပွင့်စိမ်း
Photo : The Kitchn
ဘရိုကိုလီ လို့ခေါ်တဲ့ ပန်းပွင့်စိမ်းဟာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ ထူးရှယ် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဘရိုကိုလီမှာ ပါဝင်တဲ့ ဗီတာမင် A ၊ ဗီတာမင် E ၊ ဗီတာမင် C နဲ့ Lutein ဓာတ်တွေဟာ မျက်စိအတွက် အထူးကောင်းမွန်ပါတယ်။ ၎င်းဓာတ်တွေက Photodamage နဲ့ Oxidative ပျက်စီးမှုကို ကာကွယ်ပေးတဲ့အတွက် မျက်စိနဲ့ အမြင်အာရုံကျန်းမာရေးကို အထူးကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။
(၅) Citrus သီးများ
Photo : Healthifyme
ကျွန်တော်တို့ရဲ့ မျက်လုံးတွေဟာ ဇီဝဖြစ်စဉ်နှုန်းမြင့်မားပြီး ဇီဝဖြစ်စဉ်တုံ့ပြန်မှုရလဒ်ကြောင့် ထွက်ပေါ်လာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ Antioxidants တွေ ပုံမှန်လိုအပ်ပါတယ်။ လိမ္မော်သီး ၊ ဘယ်ရီသီးနဲ့ ကီဝီသီးတို့လို Citrus အသီးတွေမှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင် C ဓာတ်တွေ ပေါပေါများများ ပါဝင်တဲ့အပြင် အန္တရာယ်ရှိတဲ့ Oxygen Radicals တွေကို ဖယ်ရှားရာမှာ ကူညီပေးတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့အတွက် မျက်လုံးကြွက်သားတွေ ယို့ယွင်းပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင်စီဟာ မျက်လုံးအတွင်းရှိ သွေးကြောတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပြီး စူးရှတောက်ပတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ဖို့နိုင်ဖို့ ကူညီပေးပါတယ်။
Featured Photo : Unsplash