တစ်နွေလုံး ပူပြင်းခြောက်သွေ့တဲ့ ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရတာကတော့ နွေရာသီက ပေးအပ်တဲ့ ဆုလာဘ်လို့ ပြောရမလား။ ပြစ်ဒဏ်လို့ ပြောရမလား မသဲကွဲပါဘူး။ နွေအကုန် မိုးအကူး အပြောင်းအလဲမှာ ရာသီဥတုလေးက ပူလည်း မပူ၊ အေးလည်း မအေး၊ နွေးနွေးလေးနဲ့ နေလို့ ကောင်းပါတယ်။ မိုးကလေး ညိုလာပြီး မိုးရွာချလိုက်တဲ့အခါ အအေးဓာတ်ကို ခံစားရရှိနိုင်ပြီး၊ မိုးရွာပြီး တအောင့်ကြာလို့ နေပြန်ထွက်လာတဲ့အခါ နွေးထွေးတဲ့ ခံစားချက်ကို ပြန်လည်ရရှိနိုင်ပါတယ်။ ဒီလိုမျိုး ခံစားချက်နှစ်ခု ရောပြွမ်းနေတဲ့အရာကို နွေအကုန် မိုးအကူး ရာသီဥတုကပဲ ပေးအပ်နိုင်တာဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ဒီလိုမျိုး ရာသီဥတု အခါသမယမှာ ခရီးသွားဖို့ ပြင်ဆင်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာလေးတွေက လည်ပတ်လို့ အကောင်းဆုံးပါပဲ။ ဒီနေရာဒေသများက ဥတု သုံးပါးစလုံးမှာ လှပနေပမယ့် နွေအကုန် မိုးအကူး ကာလမှာတော့ အလှပဆုံး ဖြစ်နေတယ်ဆိုတာ သွားလည်ဖူးမှ သိပါလိမ့်မယ်။
တောင်ကြီး
Photo: Kayak
တောင်တွေ ပတ်လည် ဝန်းရံထားတဲ့ တောင်ကြီး မြို့ကလေးကတော့ ဘဝမှာ တစ်ခါတစ်ခေါက်လောက် အလည်အပတ်သွားသင့်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်မှာ လည်ပတ်စရာ နေရာတွေကလည်း အများအပြားပဲဖြစ်ပါတယ်။ အထင်ကရ အဆောက်အဦးများစွာရှိတဲ့အနက် ရုရှားများ ဆောက်လုပ်ခဲ့တဲ့ စဝ်စံထွန်း ဆေးရုံကတော့ ခမ်းနားထည်ဝါစွာ တည်ရှိနေပါတယ်။ ဒါ့အပြင် အခြားသော လည်ပတ်စရာများအဖြစ်နဲ့ ရွေဘုန်းပွင့် စေတီ၊ စိန်ပန်းပြာတန်း၊ မြို့ပြင် ထင်းရှူးတော၊ ရွေရည်အေးလမ်း တောင်ကြီး View Point စသည်ဖြင့် များပြား စုံလွင်လွန်းလှပါတယ်။
ဘားအံ
နွေအကုန် မိုးအကူး မှာ သွားလည်သင့်တဲ့ နောက်ထပ် နေရာကောင်းတစ်ခုကတော့ ဘားအံပဲဖြစ်ပါတယ်။ မိုးကလေး အုံ့မှိုင်းမှိုင်းနဲ့ဆိုတော့ မရှိတဲ့ ရည်းစားကို လွမ်းမိနေမှာတော့ အသေအချာပါပဲ။ ရာသီဥတုက ပူပြင်းခြောက်သွေ့တာမျိုးလည်း မဟုတ်တော့ ခရီးသွားရတာ ပင်ပန်းမှာ မဟုတ်တော့ပါဘူး။ ကွီးတို့က စိတ်ပါတယ်ဆိုရင် ဇွဲကပင်တောင်ပေါ်တောင် တက်လို့ရပါသေးတယ်။ ရွှေရင်မျှော်စေတီ၊ ကန်သာယာ၊ ကျောက်ကလပ်စေတီ၊ ဘုရင့်ညီဂူနှင့် ရေပူစမ်း၊ မဟာဆဒ္ဒန်လိုဏ်ဂူတော်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ညဈေး စသည်ဖြင့် လည်ပတ်စရာတွေ အများကြီးပါပဲ။
အင်းလေး
Photo: Lonelyplanet
ကွီးတို့အနေနဲ့ တောင်ကြီးဘက် ရောက်ဖြစ်တယ်ဆို အင်းလေးကိုလည်း လမ်းကြုံ ဝင်သင့်ပါတယ်။ ရေပေါ်မြို့လေးရဲ့ အလှကို အခုလို နွေအကုန် မိုးအကူးကာလမှာ ကြည့်ရှုမယ်ဆို ပိုလို့တောင် လှပနေတာကို တွေ့မြင်ရပါလိမ့်မယ်။ ဒါ့အပြင် ဒေသအစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပြီး ရေပေါ်ဈေးမှာလည်း အားရပါးရ လည်ပတ်နိုင်ပါဝယ်။ မိုင်းသောက်တံတားရဲ့ အလှကိုလည်း တမေ့တမောကြီး ကြည့်ရှုခံစားနိုင်ပါသေးတယ်။
ပုဂံ
တောင်တွေ ပတ်လည် ဝန်းရံထားတဲ့ မြို့ကြီးတွေကို လည်ပတ်ပြီးသွားပြီဆိုရင်တော့ စေတီ ပုထိုးပေါင်းများစွာနဲ့ ခြံရံထားတဲ့ ပုဂံမြို့ဆီသို့ သွားရောက်လည်ပတ်ဖို့အချိန် ကျရောက်လာခဲ့ပြန်ပါပြီ။ တစ်နွေလုံး ပူပြင်းခြောက်သွေ့တဲ့ဒဏ်ကို ခံရပြီးတဲ့နောက် မိုးတပြိုက် နှစ်ပြိုက်လောက် ရွာလိုက်မယ်ဆိုရင်ပဲ သင်းပျံ့တဲ့ မြေဆီရနံ့လေးကို ခံစားရရှိနိုင်ပြီး မိုးရာသီရဲ့ အငွေ့အသက်ကို ရရှိနိုင်ပါတယ်။ အပူချိန် လျော့နေတဲ့အချိန်ဖြစ်တဲ့အားလျော်စွာ လည်ပတ်ရတာသည်လည်း အထူးတလည် ပင်ပန်းနေတော့မှာမဟုတ်ပါဘူး။
ကွီးတို့ရော နွေအကုန် မိုးအကူးအချိန်ကာလမှာ ဘယ်နေရာများဆီသို့ ခရီးသွားဖို့ စီစဥ်ထားပါသလဲ။
Featured Image: Freepik