ကိုယ့်မှာ ပိုင်ရှင် ရှိနေပြီးသားကို အခြားကောင်မလေးတစ်ယောက် အထာ တွေ လာပေးတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။
တစ်ဖက်က ကောင်မလေးက ကိုယ့်မှာ ချစ်သူကောင်မလေး ရှိပြီးသားမှန်း မသိတာလည်း ဖြစ်နိုင်သလို၊ သိသိရဲ့နဲ့ ရှေ့ဆက်တိုးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးသည် SKB ကွီးတို့ မကြာခဏ ကြုံရတတ်တဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်က ဘယ်လောက်ပဲ SKB ဘဲတစ်ဗွေဖြစ်နေပါစေ၊ ကိုယ့်မှာ သက်ဆိုင်သူရှိပြီးသားဆိုရင်တော့ စောင့်ထိန်းရမယ့် စည်းဆိုတာရှိပါတယ်။ နို့မဟုတ်ရင်တော့ ကိုယ်က လူမှုရေး ဖောက်ပြန်သူတစ်ယောက်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားသွားမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ့်မှာ ပိုင်ရှင် ရှိလျက်နဲ့ အထာ လာပေးနေတဲ့ တစ်ဖက်က မိန်းကလေးကို ဘယ်လိုမျိုး ငြင်းရမလဲ။
မသိမသာ ငြင်းဆန်ပါ
သူ(မ)က ကိုယ့်ကို အထာလာပေးတဲ့အခါ ကိုယ့်ကောင်မလေးအကြောင်းချည်းပဲ လှိမ့်ပြောလိုက်ပါ။ ကိုယ့်ကောင်မလေးကို ဘယ်လောက်ချစ်ကြောင်း၊ ကိုယ့်ကောင်မလေးကလည်း ကိုယ့်ကို ဘယ်လောက်ထိ ဂရုစိုက်ပြီး ချစ်ကြောင်း၊ ကြင်နာကြောင်းတွေကို မိုက်ကုန်ကြူးပစ်လိုက်ပါ။ ဒါဆိုရင်တော့ သူ(မ)အနေနဲ့ ရှက်ရမ်း မရမ်းတော့ဘဲ သူ့ဘာသာ နောက်ဆုတ်သွားပါလိမ့်မယ်။
အခြားဘော်ဒါတစ်ယောက်နဲ့ ချိတ်ပေးလိုက်ပါ
သူ(မ)က ကိုယ့်ကို စိတ်ဝင်စားနေတဲ့ ပုံစံ ပြနေတယ်၊ မရှိ ရှိတဲ့ စကားတွေကို ဖောင်ဖွဲ့ကာ ပြောနေပြီး ကွီးတို့ရဲ့ ရင်းနှီးချင်ကြောင်း ပြနေတဲ့အခါ ဒီနည်းလမ်းကို ထုတ်သုံးနိုင်ပါတယ်။
ဥပမာ – သူ(မ)က အားကစား လုပ်ရတာ ဘယ်လောက်နှစ်သက်ကြောင်း၊ ကွီးတို့ရော အားကစား လုပ်ရတာ နှစ်သက်လားလို့ မေးလာခဲ့ရင်….
ကိုယ်ကတော့ အားကစား လုပ်ရတာ မနှစ်သက်ကြောင်း၊ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းထဲမှာ မင်းလိုပဲ အားကစား လုပ်ရတာ အင်မတန်နှစ်သက်တဲ့ သူငယ်ချင်းတစ်ယောက်ရှိကြောင်း၊ မင်းတို့ နှစ်ယောက်တွဲလိုက်ရင် ရှေ့သွားနောက်လိုက် ညီမှာဖြစ်ကြောင်း ပြောပြလိုက်ပါ။ ကြားထဲကနေ မိတ်ဆက်ပေးရမလားဆိုပြီး စကားစခေါ်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့က သူ(မ)ကို စိတ်မဝင်စားကြောင်း အရိပ်အမြွက်ပေါက်သွားပြီပဲဖြစ်ပါတယ်။
သူ(မ)ရဲ့ မက်ဆေ့ချ်တွေ၊ ဖုန်းကောလ်တွေကို လျစ်လျစ်ရှူပါ
ကွီးတို့အနေနဲ့ သူ(မ) အရှက်ရမှာဆိုးလို့ မျက်နှာချင်းဆိုင်ပြီး တည့်တိုးမငြင်းရဲဘူးဆိုရင် သူ(မ)ရဲ့ မက်ဆေ့ချ်တွေ၊ ဖုန်းကောလ်တွေကို လျစ်လျူရှုလိုက်ပါ။ သူ(မ)ကို ဆိုရှယ်မီဒီယာပေါ်ကနေလည်း Unfollow လုပ်ထားလိုက်ပါ။ သူ(မ)ဘက်က ဘယ်လောက်ပဲ ဆက်သွယ်နေပါစေ၊ ကွီးတို့ဘက်က လုံးဝ ပြန်မဆက်သွယ်မိပါစေနဲ့။ ဒီနည်းလမ်းက အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။
သူ(မ)နဲ့ မျက်နှာချင်းဆိုင် တွေ့လာခဲ့သော်
စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်သာနေပါ။ ကွီးတို့အနေနဲ့ သူ(မ)ကို အဖက်လုပ်ပြီး စကားပြန်ပြောနေမယ်ဆိုရင် သူ(မ)ကို စကားပြောချင်စိတ် ရှိနေသေးပါလားလို့ အထင်လွဲသွားပြီး ကွီးတို့အနားမှာပဲ တဝဲလည်လည် လုပ်နေမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ ကောင်မလေးထံ ပွင့်ပွင့်လင်းလင်း ပြောပြပါ
ဒီလိုကိစ္စမျိုးတွေသည် တစ်ယောက်တည်း ကြိုးစားပမ်းစား ဖြေရှင်းလို့ မရပါဘူး။ မိန်းကလေးဆိုတော့ မိန်းကလေးချင်း နားလည်တတ်ကြပါတယ်။ သူ(မ)ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်တောင်းသင့်ပါတယ်။ တစ်ခုရှိတာကတော့ ကွီးတို့ရဲ့ ကောင်မလေးက သဝန်တိုလွန်းပြီး တစ်ဖက်မိန်းကလေးကို သွားမသောင်းကျန်းမိစေဖို့ ထိန်းရမှာဖြစ်ပါတယ်။ ကွီးတို့ နှစ်ယောက်စလုံးက ဒေါသနဲ့ ဖြေရှင်းမယ့်အစား ခေါင်းအေးအေးထားပြီး ဖြေရှင်းမယ်ဆိုရင်တော့ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။
ကွီးတို့ ကောင်မလေးနဲ့ မိတ်ဆက်ပေးလိုက်ပါ
သက်သက်ကြီး ခေါ်ချိန်းပြီးမှ “ဒါ ကိုယ့်ကောင်မလေး” လို့ ပေးတွေ့မယ့်အစား၊ မတော်တဆ တွေ့မိသွားသလို ဖန်တီးရပါမယ်။ သက်သက်ကြီး ခေါ်ချိန်းတဲ့အခါမှာ ထိုကောင်မလေးကို Role တစ်ခု တင်ပေးလိုက်ရာရောက်ပြီး သူ့ကို အရေးတယူလုပ်ပါလားဆိုတဲ့ အတွေးဝင်သွားပါလိမ့်မယ်။ နောက်တစ်ခုဖြစ်နိုင်တာက သူ(မ)ဘက်က အရှက်ရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံး နည်းလမ်းကတော့ မတော်တဆ တွေ့သလို ဖန်တီးပြီး ကွီးတို့ကောင်မလေးနဲ့သာ မိတ်ဆက်ပေးလိုက်ပါ။
ကွီးတို့ရော ကိုယ့်မှာ ပိုင်ရှင် ရှိရဲ့သားနဲ့ အထာ လာပေးတဲ့ မဒီလေးတွေကို ဘယ်လိုခါထုတ်ပစ်လေ့ရှိသလဲ။
Source: Wikihow
Featured Image: Freepik