သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုရဲ့ အဓိက လျှို့ဝှက်ချက်က ဘာဖြစ်မလဲ။ လက်ထပ်ပြီးသား စုံတွဲ တော်တော်များများက ဒီလျှို့ဝှက်ချက်ကို သိပြီးပြီလို့ ထင်ကြပါတယ်။ ကွီးတို့ရော သိပြီးပါပြီလား။ တကယ်လို့ ကွီးတို့ရဲ့ ချစ်ရတဲ့ မဟေသီနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင် တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ရှောင် ရမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ အိမ်ထောင်ဘက်က ကိုယ့်အပိုင်ပဲဆိုတဲ့ စိတ်မျိုး မထားပါနဲ့

အိမ်ထောင် ရှောင်

လက်ထပ်တယ်ဆိုတာသည် ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ချင်းမတူညီတဲ့ လူသားနှစ်ယောက်၊ တစ်သားတည်းဖြစ်အောင် ပေါင်းစည်းလိုက်ခြင်းပဲဖြစ်ပါတယ်။ နှစ်ယောက် တစ်ကမ္ဘာ တည်ထောင်ကြရင်း အေးအတူ ပူအမျှ၊ ဒုက္ခ သုခများကို မျှဝေခံစားကြရတာဖြစ်ပါတယ်။ ဒီလိုမျိုး နှစ်ယောက် တစ်ဘဝ ထူထောင်တဲ့အခါ အပေးအယူမျှစွာ၊ နားလည်မှုရှိစွာ ထူထောင်ကြဖို့ လိုအပ်ပါတယ်။ သူက ငါ့အပိုင်ပဲဆိုတဲ့ စိတ်မျိုး ထားပြီး လုပ်ချင်ရာ လုပ်၊ တစ်ဖက်သားကို ထည့်မတွက်၊ ငါ ဘာပဲလုပ်လုပ် ချစ်နေမှာပဲဆိုတဲ့ စိတ်မျိုးကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ အချစ်ကို ပုံသေ တွက်ထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေမယ်ဆိုရင်တော့ အဖိုးတန်တဲ့ လူသားတစ်ယောက်ကို သင် ဆုံးရှုံးသွားရပါလိမ့်မယ်။

လက်ထပ်ပြီးပြီပဲ၊ အရင်လို နုရွနေစရာ၊ ရိုဆန်နေစရာ၊ အချိန်ပေးစရာ မလိုတော့တာမဟုတ်ပါဘူး။ ငါ ထားထားတဲ့ နေရာမှာပဲ ရှိနေမှာပဲဆိုပြီး စိတ်အေး လက်အေးနဲ့ လျစ်လျူရှုထားမယ်ဆိုရင် တစ်ဖက်သားက စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။

ပြဿနာတစ်ခုကို ပြေလည်အောင် မဖြေရှင်းဘဲ ဒေါသထွက်ထွက်နှင့် အိပ်ရာ မဝင်ပါနဲ့

အိမ်ထောင် ရှောင်

မတူညီတဲ့ လူသားနှစ်ယောက်၊ တစ်ဘဝ တည်ထောင်ကြတာဖြစ်တဲ့အတွက်ကြောင့် စိတ်သဘောထား မတိုက်ဆိုင်တာတွေ ရှိကြမှာပါပဲ။ သာယာ ပျော်ရွှင်တဲ့ အိမ်ထောင် တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒေါသထွက်လျက်သားဖြင့် အိပ်ရာ ဝင်ခြင်းကို ရှောင် ကြဥ်ရမှာပဲဖြစ်ပါတယ်။

စိတ်သဘောထား မတိုက်ဆိုင်တဲ့အရာတွေ ရှိရင် အေးရာ အေးကြောင်း ညှိနှိုင်း ဆွေးနွေးရမှာပဲဖြစ်ပါတယ်။ တစ်ယောက်က အဆင်မပြေရင် အခြားတစ်ယောက်က အလျော့ပေးကာ မလျော့မတင်း စောင်းကြိုးညှင်း နည်းကို နှလုံးမူရမှာဖြစ်ပါတယ်။ ငါကတော့ အလျော့မပေးနိုင်ပါဘူး။ နင် အလျော့ပေးချင်ပေး၊ မပေးချင်နေ ဆိုပြီး နှစ်ဦးသားစလုံး တင်းခံနေမယ်ဆိုရင်တော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပြဿနာတစ်ခု ကြုံလာတဲ့အခါ ခေါင်းအေးအေးထားပြီး ရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ ဒေါသထွက်လျက်သားနဲ့ အိပ်ရာဝင်တဲ့အခါ တနုံ့နုံ့နဲ့ အိပ်မပျော်ဘဲ မနက်မိုးလင်းလာတဲ့အခါမှာလည်း ဒေါသအစိုင်အခဲက ကျန်ရစ်ခဲ့မှာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် မခေါ်နိုင် မပြောနိုင်ဖြစ်ကြပါလိမ့်မယ်။ မခေါ် မပြောတဲ့ရက်တွေ များလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သွေးအေးသွားပြီး အချစ်တွေလည်း ကုန်ခမ်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် တကယ်ချစ်ရင် နှစ်ယောက်စလုံးက အလျော့ပေးတတ်ဖို့၊ တစ်ဖက်သားကို ဦးစားပေးတတ်ဖို့ လိုအပ်ပါတယ်။

အရေးကြီးတဲ့အရာများကို လျစ်လျူမရှုထားပါနဲ့

အိမ်ထောင် ရှောင်

အရေးကြီးတဲ့အရာတွေဆိုတာကတော့ အများကြီးပါပဲ။ ပိုက်ဆံနဲ့ ပတ်သက်တာလား၊ ကလေး ထိန်းကျောင်းမှုပုံစံလား၊ လိင်မှုကိစ္စ ဘာညာကွိကွလား၊ ဒါမှမဟုတ် အိမ်အလုပ် ခွဲဝေမှုလား၊ နှစ်ဖက် မိဘ ဆွေမျိုး အသိုင်းအဝိုင်းနဲ့ ပတ်သက်တာလား။ ဒီလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေမှာလည်း စိတ်သဘောထား မတိုက်ဆိုင်တာတွေ ရှိနိုင်ပါသေးတယ်။ ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်လာရင်လည်း “နင် လုပ်ချင်ရာလုပ်၊ ငါလည်း ငါလုပ်ချင်ရာ လုပ်မယ်” ဆိုပြီး လွှတ်မထားပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှစွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ဥပမာဆိုကြပါစို့။ နှစ်ဦးသားစလုံးသည် မတူညီတဲ့ ပတ်ဝန်းကျင်၊ ထိန်းကျောင်းမှုပုံစံအမျိုးမျိုးနဲ့ ကြီးပြင်းခဲ့တဲ့အတွက်ကြောင့် ကိုယ့်ကလေးကိုလည်း ဘယ်လိုပုံစံနဲ့ ထိန်းကျောင်းဆုံးမ မလဲဆိုတာသည်လည်း ကွဲပြားသွားနိုင်ပါတယ်။ ဒီလိုမျိုး စိတ်သဘောထား မတိုက်ဆိုင်တဲ့အခါ လျစ်လျူရှုလိုက်မယ့်အစား၊ ဘယ်လိုနည်းလမ်းကတော့ ပိုကောင်းနိုင်သလဲဆိုတာကို နှစ်ဦးသား ခေါင်းချင်းဆိုင် ဆွေးနွေးပြီး အဖြေထုတ်သင့်ပါတယ်။

အခြားသူနဲ့ မနှိုင်းယှဥ်ပါနဲ့၊ သူ့ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားပါ

couple fight

ကိုယ့် သူငယ်ချင်း ကျော်ကြီးကတော့ သူ့မိန်းမက သူ့ကို ဘယ်လိုမျိုး ဂရုစိုက်ပြတာ၊ ကြင်နာပြတာ၊ အိမ်မှု ကိစ္စတွေလည်း သူပဲ ဒိုင်ခံလုပ်ပေးတာ ဆိုပြီး မထိခလုတ်၊ ထိခလုတ်နဲ့ နှိုင်းယှဥ်နေတာမျိုး၊ ဒါမှမဟုတ် ပေါ်တင်ကြီး နှိုင်းယှဥ်ပြတာမျိုးတွေကို ရှောင်ကြဥ်သင့်ပါတယ်။ လူ့လက်ငါးချောင်းတောင် အတို အရှည် မတူညီတာ၊ လူတစ်ယောက်နဲ့ တစ်ယောက်သည်လည်း ဘယ်လိုမှ တူညီနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်က သူက တစ်ဖန်ပြန်ပြီး အခြားတစ်ယောက်နဲ့ နှိုင်းယှဥ်ရင်တောင် ခံနိုင်ပါ့မလား။

တကယ်ချစ်တယ်ဆိုရင် သူ့ကို ပြောင်းလဲဖို့ မကြိုးစားဘဲ သူ့ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားကာ သူ့ရဲ့ အရှိအတိုင်း ချစ်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ လက်တွဲဖော်ကို အတင်းပြောင်းလဲဖို့ ကြိုးစားခြင်းသည် ကွီးတို့ရဲ့ အိမ်ထောင်ရေးကို ပိုမိုသာယာပျော်ရွှင်လာစေမှာ မဟုတ်ပါဘူး။

ဒါ့အပြင် နှစ်ဦးသားစလုံးက အလုပ်များတယ်ဆိုပြီး တစ်ယောက်ကို တစ်ယောက် ပစ်ထားခြင်းသည်လည်း အိမ်ထောင်ရေးကို တဖြည်းဖြည်း သွေးအေးသွားစေနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အိမ်ထောင်ဘက်နဲ့ ဘယ်လောက်အထိ စိတ်သဘောထား တိုင်ဆိုင်ပါသလဲ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်အထိ တိုင်တိုင် ပင်ပင် ညှိညှိ နှိုင်းနှိုင်း ဆောင်ရွက်လေ့ရှိပါသလဲ။

Source: Havingtime

Featured Image: Freepik