အချစ်နဲ့စခဲ့ပေမယ့် အချစ်နဲ့အဆုံးမသတ်နိုင်တဲ့ ဆက်ဆံရေးတွေ တကယ်လက်တွေ့ဘဝမှာ အများကြီး ရှိပါတယ်။ အချစ်ရေးတစ်ခု ပျက်စီးပြိုကွဲတော့မယ့် အခြေအနေအထိ မရောက်ခင်မှာ ရှေ့ပြေးလက္ခဏာတွေနဲ့ သတိပေးနေမှာပါ။ အချိန်မှီပြုပြင် ပြင်ဆင်ပြီး နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပြန်လည်မတည့်မတ်နိုင်ဘူးဆိုရင် မကြာခင်အချိန်အတွင်းမှာပဲ အနှေးနဲ့အမြန် ပျက်စီးသွားနိုင်ပါတယ်။ အခုပြောပြပေးမှာကတော့ ချစ်သူနှစ်ဦးကြား ဆက်ဆံရေးမှာ အန္တရာယ်ရှိတဲ့ အနီရောင်အဆင့် ရောက်နေပြီဆိုတာ ဖော်ပြနေတဲ့ အချက်တွေ အကြောင်းပါ။

(၁) စကားပြောဖို့ ခက်ခဲလာမယ်

Relationship Problems

Photo : BuzzFeed

မကြေလည်တဲ့ ဆက်ဆံရေးရှိသူ လူနှစ်ဦးအတွက် စကားဝိုင်းတစ်ခုတည်ဖို့ပင် အင်မတန်ခက်ခဲပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘာစကားပဲပြောပြော အမြင်မကြည်လင်ပဲ အဆိုးတွေ မြင်နေမယ် ၊ စကားကြာကြာပြောတာနဲ့ စိတ်ဆိုးစိတ်ညစ်တွေ ဖြစ်နေရတယ်ဆိုရင်တော့ ကွီးတို့ရဲ့ အချစ်ရေးဟာ အနီရောင်အဆင့် ကိုရောက်နေပြီဆိုတာ သိနိုင်ပါပြီ။

(၂) သီးခြားနေလာမယ်

Relationship Problems

Photo : Regain

ချစ်သူနှစ်ဦးကြားမှာ အရေးကြီးဆုံးက ဆက်သွယ်မှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ကြား အဆက်အသွယ်တွေ နည်းလာတာ ၊ တစ်ကိုယ် တည်း သီးခြားနေတဲ့အချိန်တွေ ပိုများလာတာဟာ အခြေအနေသိပ်မဟန်တော့တဲ့ အနီရောင်အဆင့် ပါ။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မလုပ်ချင်တော့လောက်အောင် စိတ်ပျက်နေတာ ဖြစ်နိုင်သလို တစ်ကိုယ်တည်း သီးသန့်နေရတဲ့ အချိန်တွေက ကိုယ့်အတွက် ပိုသက်တောင့်သက်သာရှိတယ်လို့ ခံစားနေရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အချိန်မှီ ပြင်ဆင်မှုတွေ မလုပ်ရင်တော့ ပြိုပျက်,ပျက်စီးတဲ့ အဆင့်ကို သေချာပေါက် ရောက်သွားနိုင်ပါတယ်။

(၃) တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားမှုနည်းလာမယ်

Relationship Problems

Photo : Verywell Mind

ချစ်သူရည်းစား ဆက်ဆံရေးတိုင်းဟာ တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားမှုအပြည့်နဲ့ ဘာမဆိုတိုင်ပင်ဆွေးနွေးလေ့ ရှိကြပါတယ်။ အနည်းဆုံးတော့ တစ်နေ့တာအတွင်းမှာ ကိုယ်စီကြုံရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သတ်လို့ တစ်ယောက်ကိုတစ်ယောက် ပြန်လည်မျှဝေဖြစ်ကြပါတယ်။ အကယ်၍ သင့်ကောင်မလေးက သင့်ရဲ့အကြောင်းကိုလည်း စိတ်ဝင်စားမှုမရှိတော့သလို သူမအကြောင်းလည်း မျှဝေတာမျိုးမရှိတော့ပဲ နှုတ်ဆိတ်နေမယ်ဆိုရင် ဒါဟာ တစ်ယောက်အကြောင်းတစ်ယောက် စိတ်ဝင်စားမှုနည်းလာတဲ့ လက္ခဏာပါ။ တစ်နည်း အားဖြင့် သွေးအေးခြင်းနဲ့ လမ်းခွဲပြတ်ဆဲတဲ့ အဆင့်ကိုရောက်တော့မယ်ဆိုတာ ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။

(၄) တွေ့ဖို့ ရှောင်ဖယ်နေမယ်

Relationship Problems

Photo : Inspiring Tips

ချစ်သူနှစ်ဦးရဲ့ တွေ့ဆုံချိန်တွေဟာ အရင်ကထက် ပိုနည်းလာမယ် ၊ ရုတ်တရက်ဆိုသလို တွေ့ဖို့ငြင်းပယ်နေမယ် ၊ ကိုယ့်ထက် သူငယ်ချင်းတွေကိုပဲ အချိန်ပိုပေး ပိုတွေ့ဖြစ်နေတယ်ဆိုရင် သင့်တို့နှစ်ဦးသားရဲ့ ဆက်ဆံရေးဟာ အခြေအနေမကောင်းတဲ့ အနီရောင်အဆင့် မှာရှိနေပါပြီ။ ဒါဟာ သူမရဲ့ရှေ့ဆက်လျောက်မယ့် အနာဂတ်ခရီးမှာ သင်မပါတော့ဘူးဆိုတာကို သေချာအောင် ကြိုတင်ပြင်ဆင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီလိုအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ကွီးတို့ချစ်သူနှစ်ဦးရဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးကို အချိန်မှီပြင်ဆင်ညှိနှိုင်းဖို့ လိုနေပါပြီ။

Featured Photo : Couples Coaching Online