Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ တိုက်ရိုက်အားဖြင့်တော့ ကင်ဆာ မဖြစ်နိုင်ပါဘူး။ သို့သော် Human Papillomavirus (HPV) လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တဲ့ရောဂါ ကူးစက်နိုင်ခြေတော့ ရှိပါတယ်။ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ လိင်တံကင်ဆာ ၊ လည်ချောင်းကင်ဆာလို ရောဂါတွေ ဖြစ်ပွားနိုင်ခြေ များပါတယ်။
လေ့လာမှုတွေအရ အမေရိကန်ပြည်ထောင်စုမှာ Human Papillomavirus (HPV) ဟာ အဖြစ်အများဆုံး လိင်မှတဆင့်ကူးစက်တဲ့ ဗိုင်းရပ်စ်တစ်ခု ဖြစ်တယ်လို့ ဆိုထားပါတယ်။ လက်တွဲဖော်ပါတနာကို သာယာတဲ့အထိအတွေ့ ၊ စိတ်ကျေနပ်မှုရစေဖို့ ရည်ရွယ်ချက်နဲ့ ပါးစပ်နဲ့ ဆက်ဆံခြင်းကို ပြုလုပ်လေ့ ရှိတာပါ။ သို့သော်လည်း ဒါဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတာကြောင့် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်ကို အမြဲနားထောင်ဖို့ လိုပါတယ်။
Oral Sex နဲ့ ကင်ဆာ ဆက်စပ်နေမှုကို ဆရာဝန်တွေ ဘာပြောထားလဲ?
Photo : UNILAD
ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကင်ဆာကို တိုက်ရိုက်မဖြစ်စေသော်လည်း Human Papillomavirus (HPV) ကို ကူးစက်စေနိုင်ပါတယ်။
Human Papillomavirus (HPV) ဟာ ကင်ဆာ မဖြစ်မီ ဆဲလ်အပြောင်းအလဲတွေကို ဖြစ်စေပြီး နောက်ပိုင်းမှာ ကင်ဆာအဆင့်ကို ရောက်လာနိုင်ပါတယ်။
ဆေးလိပ်နဲ့ အရက်သောက်ခြင်းသည်လည်း Human Papillomavirus (HPV) ဗိုင်းရပ်စ်အန္တရာယ်ကို ပိုတိုးစေပြီး ကူးစက်မှုကနေတဆင့် ကင်ဆာဖြစ်လာနိုင်ပါတယ်။
Human Papillomavirus (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကင်ဆာရဲ့ အစောပိုင်းအဆင့် လက္ခဏာတွေကတော့ လိင်အင်္ဂါရောင်ရမ်းခြင်း ၊ နာကျင်ခြင်း ၊ ခံတွင်းမှာရှိတဲ့ တစ်ရှူးတွေ အရောင်ပြောင်းခြင်း ၊ အဖုအပိန့်နဲ့ ရောင်ရမ်းတက်တဲ့ ခံတွင်းအနာများ ဖြစ်စေခြင်း စသည်တို့ ဖြစ်တက်ပါတယ်။
ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ အန္တရာယ်ကင်းပါသလား?
Photo : The Irish Sun
ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ပါတနာရဲ့လိင်အင်္ဂါကို လှုံ့ဆော်နှိုးဆွဖို့ ပါးစပ် ၊ လျှာကို အသုံးပြုပြီး ဆက်ဆံတဲ့ ဆက်ဆံမှုပုံစံတစ်ခုပါ။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ တကယ်တော့ အန္တရာယ်မကင်းပါဘူး။ အောက်ပါ လိင်မှတဆင့်ကူးစက်တက်တဲ့ ကူးစက်ရောဂါများ (STIs) ကို တွေကို ဖြစ်စေနိုင်ပါတယ်။
- ဆီးပူညောင်းကျရောဂါ (Gonorrhea)
- လိင်အင်္ဂါ ရေယုန် (Genital Herpes)
- ကာလသားရောဂါ (Syphilis)
- ကလက်မိုင်ဒီးယား (Chlamydia)
- Human Papillomavirus (HPV) စတဲ့ ရောဂါအမျိုးအစားတွေ ပါဝင်ပါတယ်။
Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေကို ကာကွယ်ဖို့အတွက် Human Papillomavirus (HPV) ကာကွယ်ဆေးထိုးလို့ရပါတယ်။ ယေဘုယျအားဖြင့် ရောဂါပိုး ကူးစက်နိုင်ခြေကို ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့ ပါးစပ်နဲ့ ဆက်ဆံခြင်း တိုင်းမှာ ကွန်ဒုံး အသုံးပြုတာ သို့မဟုတ် Dental Dam လို့ခေါ်တဲ့ ပါးစပ်အကာအကွယ်တစ်ခုခု အသုံးပြုတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ ဒီနည်းလမ်းတွေက ဘေးကင်းလုံခြုံမှုရှိပြီး လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးပါလိမ့်မယ်။
စစ်တမ်းတွေအရ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ ကင်ဆာ ရောဂါဖြစ်ပွားနိုင်ခြေ ၇၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရေပြားမှာရှိတဲ့ ခုခံအားဆဲလ်တွေ ပျက်စီးစေတဲ့အတွက် ဆေးလိပ်သောက်သူတွေဟာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ ပိုများပါတယ်။
Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ ကင်ဆာ အပါအဝင် လိင်အင်္ဂါကြွက်နို့ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရောဂါအခြေအနေဟာ အစပိုင်းသိပ်မသာပဲ ဝေဒနာခပ်ပျော့ပျော့သာ ခံစားရစေပါတယ်။ သို့သော် ရောဂါပိုရင့်လာတာနဲ့အမျှ အသက်ရှူလမ်းကြောင်းပိတ်ဆို့တာ ၊ အသံရှုရခက်တာ ၊ ချောင်းဆိုးရင်ကျပ်တာ အပါအဝင် နောက်ဆက်တွဲရောဂါပြဿနာတွေကို ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။
Human Papillomavirus (HPV) ရဲ့ လက္ခဏာများ
Photo : Medical News Today
Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးဟာ အသံတိတ်ရောဂါတစ်မျိုးပါ။ လူတော်တော်များများက Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို ကိုယ်တိုင်သတိထားမိဖို့ ခက်ပါတယ်။ အောက်မှာဆက်လက်ပြီး Human Papillomavirus (HPV) ဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေကို လေ့လာကြည့်ရအောင်ပါ။
- မျိုးပွားအင်္ဂါမှာ ပုံမှန်မဟုတ်တဲ့ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်ခြင်း
- လိင်တံနာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- ၃ ပတ်ထက်ပိုပြီး ခံတွင်းနာခြင်း သို့မဟုတ် အစာအိမ်နာခြင်း ဝေဒနာတွေ ခံစားနေရခြင်း
- ခံတွင်းအတွင်း နူးညံ့တဲ့ တစ်ရှုးများအရောင်ပြောင်းလာခြင်း
- အစာမျိုချတိုင်းမှာ လည်ချောင်းနာခြင်း သို့မဟုတ် လည်မြိုအတွင်း တစ်စို့စို့ ခံစားရခြင်း
- အာသီးရောင်ခြင်းမရှိပဲ လည်ချောင်းနာနေခြင်း
- တစ်ခုခုဝါးလိုက်တိုင်းမှာ လည်ချောင်းနဲ့ လည်ပင်းတို့ နာကျင်နေခြင်း
- မကြာခဏ ချောင်းဆိုးခြင်း ၊ အဆက်မပြတ် ဆက်တိုက်ချောင်းဆိုးခြင်း
- ပါးစပ်နဲ့ နှုတ်ခမ်းတဝိုက်မှာ ထုံကျင်နေခြင်း
- ခံတွင်းအတွင်းရောင်ရမ်းခြင်း သို့မဟုတ် လည်ပင်းမှာ အကျိတ်ကို အဖုအပိန့်တွေ ထွက်ပေါ်လာခြင်း
- ရက်အတော်ကြာကြာ နားကိုက်ဝေဒနာခံစားရခြင်း စတဲ့ လက္ခဏာတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။
ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ Human Papillomavirus (HPV) အပါအဝင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါ အန္တရာယ်တွေ ရှိနေတာကြောင့် အကာအကွယ်မပါပဲ ဆက်ဆံခြင်းကို အထူးရှောင်ကြဉ်ဖို့ သတိပေးချင်ပါတယ်။
Featured Photo : HealthShots