အလှအပရေးရာဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမျိုးသား တွေလည်းအနည်းဆုံးတော့ ကောင်းမွန်ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်နိုင်ဖို့ အသားအရေ ထိန်းသိမ်းမှုတွေ ပုံမှန်ပြုလုပ်ပေးဖို့ လိုပါတယ်။ အသားအရေ ထိန်းသိမ်းတယ်လို့ ပြောရင် တော်တော်များများက အမျိုးသမီးတွေလို ရှုပ်ထွေးတဲ့ အဆင့်တွေ အများကြီး လုပ်ရမယ်လို့ ထင်မှတ်မှားတက်ကြပါတယ်။ တကယ်တော့ အသားအရေ ထိန်းသိမ်းဖို့ဟာ ထင်သလောက်မခက်ပါဘူး။ အခုပြောပြတဲ့ အချက်လေးတွေ သိထားမယ်ဆိုရင်ပဲ ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါပြီ။

(၁) ရေများများသောက်ပါ

Photo : Man of Many

ရေဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်နဲ့ တစ်ရှူးတွေရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဇီဝကမ္မဆိုင်ရာ ဟန်ချက်ညီစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် နည်းလမ်းများစွာနဲ့အကျိုးပြုသလို အသားအရေကိုလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝခြင်းက အသားအရေကို စိုပြေလန်းဆန်းစေပြီး ကျန်းမာနုပျိုစေပါတယ်။

(၂) နေလောင်ခံကာခရင်မ် လိမ်းပါ

Sunscreen

Photo : Men’s Health

နေရောင်ခြည်မှာပါဝင်တဲ့ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်က အသားအရေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။ နေရောင်ခြည် ထိတွေ့မှုဟာ အသားအရေကို ပျက်စီးစေရုံသာမက အရေပြားကင်ဆာလို ရောဂါတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အသားအရေကို ခရမ်းလွန်ရောင် ခြည်ဒဏ်ကနေ ကောင်းစွာကာကွယ်နိုင်ဖို့ နေလောင်ခံခရင်မ် လိမ်းဖို့လိုပါတယ်။ UVB Rays တွေကို ၉၈ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ SPF 50 ပါတဲ့ နေလောင်ခံကာခရင်မ်တွေကို အပြင်ထွက်တိုင်း သုံးပေးပါ။

(၃) ကော်လဂျင်ရတဲ့ အစားအစာတွေ စားပါ

Bone Broth

Photo : Mannix Family Beef

အသက်ကြီးလာတာနဲ့အမျှ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကော်လဂျင်ဓာတ်တွေ လျော့နည်းလာတက်ပါတယ်။ ကော်လာဂျင်ဓာတ်ဟာ အသားအရေ ၊ ဆံပင်နဲ့ လက်သည်းခြေသည်းတွေကို ကျန်းမာစေပြီး နုပျိုအလှတိုးစေဖို့ ကူညီပေးတဲ့ ဓာတ်တစ်မျိုးပါ။ သတင်းကောင်းမှာ ကော်လဂျင်ထုတ်လုပ်မှုကို ပိုကောင်းစေတဲ့ အစားအစာတွေ ရှိပါတယ်။ ဒါတွေကတော့ အရိုးပြတ်ရည် ၊ ကြက်သား ၊ ငါး ၊ ကြက်ဥအကာ ၊ Citrus Fruits ၊ ဘယ်ရီသီး ၊ Tropical သီး ၊ အစိမ်းရောင်အရွက် စတာတွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကော်လဂျင်ဓာတ် လုံလုံလောက်လောက်ရဖို့ ဖြည့်စွက်စားတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

(၄) အသားအရေကို နှိပ်နယ်ပေးပါ

 Facial Treatment

Photo : Freepik

မျက်နှာအသားအရေကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို အားကောင်းစေပြီး အသားအရေရောင်ရမ်းခြင်းနဲ့ တင်းမာမှုကို လျှော့ချပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ညအိပ်ရာမဝင်ခင်မှာ မျက်နှာကို ဆေးကြောသန့်စင်ပြီး သံလွင်ဆီ ၊ ဂျိုဂျိုဘာဆီ ၊ အုန်းဆီ ဒါမှမဟုတ် ဗာဒံဆီတို့ကို အသုံးပြုပြီး အသားအရေကို နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်ဟာ ကျန်းမာနုပျိုပြီး အရေးအကြောင်း ကင်းစင်တဲ့ တင်းတင်းရင်းရင်း အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၅) ဂျေးချွတ်သန့်စင်ပေးပါ

Exfoliate

Photo : Real Men Real Style

အသားအရေကို အနည်းဆုံး တစ်ပတ်တစ်ခါတော့ Exfoliate လုပ်ပေးဖို့ပါတယ်။ Exfoliate လုပ်ပေးတာဟာ အရေပြားအောက်မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြား အောက်ခံအလွှာကို ကြည်လင်ဝင်းပစေပါတယ်။ Exfoliate လုပ်တဲ့အခါ အသားအရေကို ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပဲ ညင်ညင်သာသာနဲ့ သေချာအချိန်ယူပြီး ဆေးကြောသန့်စင်ပေးရပါမယ်။ ဂျေးချွတ်သန့်စင်ပြီးတဲ့အခါ အရေပြားမျက်နှာပြင်မှာရှိတဲ့ ဆဲလ်သေတွေကို ပျော်ဝင်စေဖို့အတွက် Glycolic Acid ပါတဲ့ အပျော့စား မျက်နှာသန့်စင်ဆေး သို့မဟုတ် တိုနာတွေကို အသုံးပြုပေးရင် ပိုကောင်းပါတယ်။

Featured Photo : Stryx