ကွီးတို့က နေရာအသစ်တစ်ခုကို ခြေဆန့်ဖို့ စဉ်းစားနေပါသလား။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုထွက်ဖို့ ဆုံးဖြတ်ရတာ မလွယ်ကူပါဘူး။ ခရီးသွားခြင်း ကလည်း ကွီးတို့အတွက် စိတ်ရောကိုယ်ပါ ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဒါ့အပြင် ခရီးတစ်ခုသွားတယ်ဆိုတာ ပြင်ဆင်စရာတွေ အများကြီးရှိပါတယ်။ ဘယ်အရာကိုမဆို ကြိုတင်ပြင်ဆင်မှ အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။ ခရီးတစ်ခုထွက်တယ်ဆိုတာကလည်း ထို့အတူပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ဘယ်ဆီကိုပဲ ခရီးနှင်နှင် အဆင်ပြေစေဖို့ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

ခရီးစဉ်ကို သေချာအစီအစဉ်စွဲပါ

ဘယ်ဆီကိုပဲ ခရီးနှင်နှင်

Photo : Busy Tourist

ကွီးတို့အနေနဲ့ ခရီးထွက်တော့မယ်ဆိုရင် ဘယ်ကိုသွားမယ်ဆိုတာကတော့ အကြမ်းဖျင်းသတ်မှတ်ပြီးသား ဖြစ်မှာပါ။ ဆက်ပြီးလုပ်ဆောင်ရမှာကတော့ ထိုနေရာကို သွားမဲ့ရက်နဲ့ ပြန်မယ့်ရက်ကို ဆုံးဖြတ်ပြီး လေယာဉ်လက်မှတ်တွေ၊ ကားလက်မှတ်တွေကို စုံစမ်းရပါမယ်။ ထို့နောက်တည်းခိုမယ့် ဟိုတယ်ကိုလည်း စုံစမ်းပြီး ကြိုတင်စုံစမ်းပြီး ဘွတ်ကင်တင်ထားဖို့ လိုပါတယ်။ ထို့နောက် ခရီးစဉ်အတွင်း ကွီးတို့လည်ပတ်မယ့်နေရာတွေကိုလည်း ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။

စာရွက်စာတမ်းများ

ဘယ်ဆီကိုပဲ ခရီးနှင်နှင်

Photo : ETIAS Canada

အကယ်၍ ကွီးတို့ရဲ့ခရီးစဉ်က နိုင်ငံရပ်ခြားကို သွားရန် စီစဉ်ထားပါက အရင်ဆုံး Passport သပ်တမ်းကုန်မကုန် စစ်ဆေးထားပါ။ သို့မဟုတ် ကွီးတို့ရဲ့ Passport သက်တမ်းက အနည်းဆုံး ၆ လကျန်တာ သေချာပါစေ။ ထို့အပြင် အချို့သော နိုင်ငံများက Visa လိုအပ်ပါတယ်။ Visa ရရန်ဆောင်ရွက်တာမှာ အချိန်လိုအပ်သောကြောင့် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

ငွေကြေးကို ပြင်ဆင်ထားပါ

ဘယ်ဆီကိုပဲ ခရီးနှင်နှင်

Photo : Travel Money OZ

ကွီးတို့အနေနဲ့ ခရီးတစ်ခုကို သွားတဲ့အခါမှာ လုံလောက်တဲ့ ငွေကြေးကို ပြင်ဆင်ထားဖို့လိုပါတယ်။ တစ်ခါတစ်ရံ မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် ငွေကြေးကုန်ကျမှုရှိနိုင်လို့ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားသွားမယ့် ကွီးတို့ကတော့ ထိုနိုင်ငံရဲ့ ငွေကြေးကို ဒီကမထွက်ခွာခင်ကတည်းက ငွေသားအချို့ လဲလှဲသွားပါ။ ဒါ့အပြင် ကွီးတို့ရဲ့ ဘဏ်အကောင့်နှင့် ခရက်ဒစ်ကန့်သတ်ချက်များကို ပြင်ဆင်ထားကြောင်း သေချာပါစေ။

ခရီးဆောင်အိတ်ကို သေချာထုတ်ပိုးပါ

Photo : Monday Feelings

သွားမဲ့နေရာဒေသအလိုက် လိုအပ်သော ပစ္စည်းများကို သေချာထုတ်ပိုးဖို့ လိုပါတယ်။ သွားမဲ့နေရာ ဒေသက ရာသီဥတု၊ ကွီးတို့ လည်ပတ်မဲ့နေရာဒေသနဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားတွေကိုလည်း သေချာထုတ်ပိုးပါ။ ကွီးတို့ လေကြောင်းနဲ့ ခရီးသွားမယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလိုမရတဲ့ပစ္စည်းတွေကို လေ့လာထားဖို့ လိုပါတယ်။ ပေါက်ကွဲစေတတ်သော အရာများ၊ မီးလောင်လွယ်သော အရာများကို လေကြောင်းလိုင်းတိုင်းက ပိတ်ပင်တားမြစ်ထားပါတယ်။ လုံခြုံရေးအရ၊ လက်နက်အဖြစ်သုံးနိုင်သော အရာဝတ္ထုများကို လက်ဆွဲအိတ်ထဲ ထည့်လို့မရပါ။ အရည်တွေကိုလည်း လက်ဆွဲအိတ်ထဲ မထည့်ပါနဲ့။ ကွီးတို့စီးမယ့်‌ လေကြာင်းလိုက် ကန့်သတ်ချက်များကို သေချာလေ့လာပါ၊

အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားပါ

Photo : Jehangir Hospital

ကွီးတို့ရဲ့ ခရီးစဉ်အတွင်းမှာ အရေးကြီးဆုံးကတော့ ဘေးကင်းလုံခြုံရေးပါပဲ။ ကွီးတို့ သွားရောက်မယ့် နိုင်ငံနဲ့‌ဒေသရဲ့ အခြေအနေကို လေ့လာထားပါ။ ဒါ့အပြင် အရေးပေါ် အခြေအနေများအတွက် ခရီးမသွားမီ သွားရောက်မယ့်ဒေသ အနီးနားရှိ ဆေးရုံများ၊ ရဲစခန်းများကို ရှာဖွေလေ့လာထားပါ။ အကယ်၍ ကွီးတို့ နိုင်ငံရပ်ခြားသို့ ခရီးသွားမည်ဆိုပါက ထိုနိုင်ငံရဲ့ ဒေသဘာသာစကားဖြင့် အရေးပေါ်စကားစုများကို လေ့လာပါ၊ သို့မှသာ လိုအပ်ပါက အကူအညီတောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ သောက်သုံးနေကျ ဆေးများနဲ့ အရေးပေါ်အတွက် ဆေးများကို ယူသွားဖို့ မမေ့ပါနဲ့။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ခရီးသွားမယ်ဆို ကွီးတို့ ပြင်ဆင်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ဘယ်ဆီကိုပဲ ခရီးနှင်နှင် ဒီအချက်လေးတွေ သိထားရင် ကွီးတို့ခရီးစဉ်အတွက် အဆင်ပြေချောမွေ့စေဖို့ အထောက်အကူပြုပါလိမ့်မယ်။ လိုအပ်ချက်များ ရှိရင်လည်း မျှဝေပေးခဲ့နိုင်ပါတယ်ခင်ဗျာ။

Source : The Common Wanderer

Featured Photo : Vista Create