လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့ စကားလေးအတိုင်းပဲ သတ္တိကောင်းတဲ့ လူတွေလည်းရှိသလို၊ အသည်းငယ်တတ်တဲ့ သူတွေလည်းရှိပါတယ်။ သတ္တိကောင်းတဲ့သူတွေကတော့ Bungee Jumping ဆိုလည်း ခုန်လိုက်တာပါပဲ။ သရဲအိမ်တွေ သွားရမယ်ဆိုလည်း မဆိုင်းမဆ သွားလိုက်ကြတာပါပဲ။ ဒါပေမဲ့ အသည်းငယ် သူတွေကတော့ အခုဖော်ပြမယ့် နေရာ တွေကို မသွားသင့်ပါဘူး။ တော်ကြာနေ ဘူမသိ ကိုးမသိနဲ့ သွားမိမှ ရည်းစားတောင် မရသေးဘဲ FA ဘဝနဲ့ လိပ်ပြာလွှင့် သွားပါဦးမယ်။

ပြင်သစ်နိုင်ငံ၊ Maine-et-Loire ရှိ Château de Brissac ရဲတိုက်ကြီး

Château de Brissac

ဒီရဲတိုက်ကြီးထဲမှာတော့ အထပ် ၇ ထပ် ရှိပြီး အခန်းပေါင်း ၂၀၄ ခန်းအပြင် ပုံတူ ပန်းချီကားချပ်များ များစွာ ချိတ်ဆွဲထားတဲ့ ပြခန်းများ၊ သီးသန့် ပြဇာတ်ခန်းများလည်း တည်ရှိပါတယ်။ ထိုရဲတိုက်ကြီးကို ၁၁ ရာစုကတည်းက ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟိုတယ်တစ်ခုအဖြစ် အသုံးပြုလျက်ရှိပြီး ခရစ်စမတ်ရာသီ ရောက်တဲ့အခါ ခြံထဲကထွက်တဲ့ ဝိုင်များနှင့် ဧည့်သည်များကို ဧည့်ခံလေ့ရှိပါတယ်။

ထိုထဲက နာမည်ကြီးတဲ့ သရဲကတော့ ပြင်သစ်နာမည် La Dam Verte လို့ ခေါ်တဲ့ အစိမ်းရောင် အမျိုးသမီး သရဲပဲဖြစ်ပါတယ်။ သူသည် လေးယောက်မြောက် ချားစ်ဘုရင်ရဲ တရားမဝင်ကလေးဖြစ်ပြီး ၁၅ ရာစုမှာတော့ ဖောက်ပြန်လို့ဆိုပြီး သူ့အမျိုးသားက သူ့ကို သတ်ပစ်လိုက်တာပါ။ ပါးစပ်ရာဇဝင်များအရတော့ သူ့ကို မျှော်စင်ကြီးပေါ်မှာ အစိမ်းရောင် ဝတ်စုံကြီး ဝတ်လျက်သားဖြင့် တွေ့ရလေ့ရှိပြီး မျက်လုံးနဲ့ နှာခေါင်းပေါက်ရှိရမယ့် နေရာမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတယ်လို့ ပြောလေ့ရှိပါတယ်။ လာရောက်တည်းခိုတဲ့ ဧည့်သည်တိုင်းကို ထိုကြောက်စရာ အသွင်အပြင်နဲ့ မခြောက်သည့်တိုင်အောင် သူ့ရဲ့ ဆွေးဆွေးမြေ့မြေ့ ညည်းညူနေတဲ့ အသံကိုတော့ ကြားရတတ်တယ်လို့ ပြောကြပါတယ်။

အမေရိကန်နိုင်ငံရှိ Myrtles Plantation

အသည်းငယ် နေရာ

ဒီနေရာကတော့ အမေရိကန်နိုင်ငံ၊ နယူအော်လန်ရဲ့ အနောက်မြောက်ဘက်ရှိ St. Francisville လို့ခေါ်တဲ့ မြို့ငယ်လေးထဲက အိမ်ကြီးတစ်အိမ်ပဲဖြစ်ပါတယ်။ ၁၂၅ ပေကျယ်တဲ့ ဝရန်တာကြီးနဲ့ ခြံရံထားတဲ့ အိမ်တစ်လုံးဖြစ်ပြီး အိမ်ရဲ့ မျက်နှာစာတည့်တည့်မှာလည်း ရုပ်ထုငယ်နှစ်ခု တည်ရှိပါတယ်။

ဒီအိမ်ကြီးရဲ့ ရာဇဝင်ကလည်း ကျောချမ်းစရာပါပဲ။ ဒီအိမ်ထဲမှာတင် လူ ၁၀ ယောက်ခန့် အသတ်ခံလိုက်ရတာဆိုတော့ ဟိုရိပ်ရိပ် ဒီရိပ်ရိပ် တွေ့နေရတာသည်လည်း အဆန်းတော့ မဟုတ်ပါဘူး။ အများဆုံး ကြားရတဲ့ သရဲပုံပြင်ကတော့ Chloe လို့ခေါ်တဲ့ သရဲဖြစ်ပြီး သူ့ရဲ့ ချစ်သူက သူမရဲ့ နားရွက်တွေကို လှီးဖြတ်ပြီး သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ သူသည် များသောအားဖြင့် အစိမ်းရောင် ခေါင်းပေါင်းကြီးကို ဝတ်ဆင်ထားလေ့ရှိပြီး ဧည့်သည်များ လာရောက်တည်းခိုတဲ့အခါ ခြောက်လေ့ရှိပါတယ်။ ဧည့်သည်များ အိပ်ရာထက်မှာ အနားယူတဲ့အချိန်နှင့် ဓာတ်ပုံများထဲတွင်လည်း ပေါ်လာတတ်ပါတယ်။ နောက်ထပ်သရဲကတော့ ပြတင်းပေါက်နေ ချောင်းကြည့်တတ်တဲ့ မိန်းကလေး ကလေးသရဲပါ။ သူကတော့ ကုတင်ထက်မှာ ခုန်ပေါက်နေတတ်ပြီး နောက်ထပ် သရဲတွေကတော့ စစ်သားသရဲ၊ စုန်းမနှင့် ရင်ဘတ်တည့်တည့်တွင် သေနတ်နဲ့ အပစ်ခံလိုက်ရတဲ့ အိမ်ပိုင်ရှင်အဟောင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ရာဇဝင်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်ကြီးကို ယခုအချိန်မှာ အိပ်ခန်းပေါင်း ၁၂ ခန်းနဲ့ ဟိုတယ်ငယ်သဖွယ် ဖွင့်လှစ်ထားပြီး သဘာဝလွန်ဖြစ်ရပ်များကို စူးစမ်းလေ့လာချင်သူများအတွက် နေရာကောင်းတစ်ခုလို ဖြစ်နေပါတယ်။ နောက်ပိုင်းမှာလည်း စားသောက်ဆိုင်သစ်တစ်ဆိုင် ထပ်မံဖွင့်လှစ်မယ်လို့လည်း ပြောကြားထားပါသေးတယ်။ အသည်းငယ် တဲ့ ကွီးတို့ကတော့ ဒီ နေရာ ကို သွားမယ်ဆိုရင် အသက်အပိုပါမှပဲ သွားသင့်ပါတယ်။

ဒိန်းမတ်နိုင်ငံရှိ Dragsholm Slot ရဲတိုက်ကြီး

အသည်းငယ် နေရာ

ဒီအဆောက်အဦးကြီးကိုတော့ ၁၂၁၅ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဒိန်းမတ်နိုင်ငံရှိ ရှေးအကျဆုံး ရဲတိုက်ကြီးတစ်ခုဖြစ်သလို ဥရောပတစ်ခွင်တွင် သရဲအခြောက်ဆုံး ရဲတိုက်ကြီးလို့လည်း နာမည်တွင်ထားပါတယ်။ ၁၆ ရာစုနှင့် ၁၇ ရာစုမှာတော့ တော်ဝင်မျိုးနွယ်များ၊ အဆင့်အတန်းမြင့်အရာရှိများကို နေအိမ်အကျယ်ချုပ်သဘော ချုပ်ထားတဲ့အခါ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ၁၆၉၄ ခုနှစ်မှာတော့ ထိုရဲတိုက်ကြီးကို ဒီဇိုင်းတစ်မျိုးဖြင့် ပြန်ပြင်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရဲတိုက်ကြီးထဲမှာ အနည်းဆုံး သရဲ အကောင် ၁၀၀ ခန့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တော်ဝင်မျိုးနွယ်ထဲက သရဲတွေတောင် ပါလိမ့်မယ်လို့ ခန့်မှန်ထားကြပါတယ်။ ၁၉၃၀ ခုနှစ်တုန်းက ဆောက်လုပ်ရေး ပြန်လုပ်တုန်းကဆိုရင် ပိတ်လှောင်ထားတဲ့ နံရံထဲမှာ အရိုးစုတွေကို ဆောက်လုပ်ရေး လုပ်သားတွေက ရှာဖွေတွေ့ရှိ ခဲ့ပါသေးတယ်။

ယခုအချိန်မှာတော့ ထိုရဲတိုက်ကြီးကို ဇိမ်ခံ ဟိုတယ်ကြီးအဖြစ် ပြောင်းလဲအသုံးပြုနေပြီး ဒေသထွက်အစားအစာများနှင့် တည်ခင်းဧည့်ခံထားတဲ့ အဆင့်မြင့် စားသောက်ဆိုင်ကြီးလည်း တည်ရှိပါတယ်။ ဟိုတယ်ထဲမှာတင် ဝန်ဆောင်မှုမျိုးစုံ ပါရှိပြီး ထူးခြားတဲ့ ဝန်ဆောင်မှုတစ်ခုကတော့ ရဲတိုက်ကြီးရဲ့ သမိုင်းကို လည်ပတ်နေစဥ်အတွင်း အသေးစိတ်ရှင်းပြပေးသွားတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဒီနေရာတွေထဲက ဘယ်နေရာကို သွားရောက်လည်ပတ်ချင်ပါသလဲ။

Source: Wanderlust

Featured Image: Qmile