ကိုယ်ချစ်ရတဲ့ မိန်းကလေးကို စပရိုက်တိုက်ဖို့အရေးဟာ ကျွန်တော်တို့ ယောကျာ်းထုကြီးအတွက်တော့ အင်မတန် ခေါင်းစားစရာပါပဲ။ ကောင်မလေးရဲ့ အကြိုက် ၊ ကိုယ်တက်နိုင်တဲ့ ဘတ်ဂျက်ပမာဏ အားလုံးကို ချိန်ဆပြီး လက်ဆောင်ပေးဖို့ စဉ်းစားရတာ တကယ်တော့ မလွယ်ပါဘူး။ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေကို တော်တော်များများ သဘောကျပေမယ့် မိန်းကလေး အများစုကတော့ ငွေကြေးတန်ဖိုးထက် အမှတ်တရဖြစ်စေတဲ့ လက်ဆောင်မျိုးကို ပိုတန်ဖိုးထားကြပါတယ်။ အထူးသဖြင့် သူမအတွက် ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးတဲ့ လက်ဆောင်လေးတွေဆို ပိုသဘောကျကြတာ ငြင်းလို့မရတာ အမှန်ပါ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ငွေအများကြီး ကုန်စရာမလိုပဲ ချစ်သူလေး ကို ပျော်ရွှင်သွားအောင် စပရိုက်တိုက်လို့ရမယ့် DIY လက်ဆောင်ပစ္စည်းလေးတွေကို ပြောပြပေးပါမယ်။

(၁) DIY Wooden Jewelry Holder

DIY Wooden Jewelry Holder

Photo : DIY Huntress

မိန်းကလေးတိုင်း လက်ဝတ်လက်စား Jewelry လေးတွေ စုဆောင်းရတာ နှစ်သက်ကြပါတယ်။ ဒီအတွက်ကြောင့် Jewelry လေးတွေ သိမ်းဆည်းလို့ရမယ့် Wooden Jewelry Holder လေးက အသင့်တော်ဆုံး လက်ဆောင်တစ်ခု ဖြစ်စေမှာ သေချာပါတယ်။ ချစ်သူလေး ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးထားတဲ့ DIY Wooden Jewelry Holder နဲ့အတူ စပရိုက်တိုက် လိုက်ပါ။ လုပ်ရတာလည်း သိပ်မခက်ပါဘူး။ သစ်သားဘုတ်ပြားလေးပေါ်မှာ အကန့်လေးတွေ ခွဲ ၊ ချိတ်လေးတွေတပ်ပြီး လွယ်လွယ်ကူကူ ဖန်တီးလို့ ရပါတယ်။

(၂) Clay Pendant

Clay Pendant

Photo : Etsy

ဒါလေးကတော့ ချစ်သူလေး သေချာပေါက် သဘောကျစေမယ့် လက်ဆောင်လေး တစ်ခုပါပဲ။ ရွှံ့စေးနဲ့ ဖန်တီးထားတဲ့ ဆွဲသီးလေးတွေပါ။ ရွှံ့စေးဆွဲသီးဆိုတာ အချိန်အကြာကြီး တန်ဖိုးထားချစ်ရမယ့် ချစ်သူလေးအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ DIY လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ရွှံ့စေးနဲ့ ဆွဲသီးအဝိုင်းပြားလေးတွေ ဖန်တီးပြီး ဆွဲသီးပေါ်မှာ သူမနာမည်လေး ရေးထွင်းပေးလိုက်ပါ။ အရောင်လေးတွေကတော့ စိတ်ကြိုက်ခြယ်မှုန်းလို့ ရပါတယ်။ အကုန်အကျ အရမ်းမများပဲ ချစ်သူလေး စပရိုက်ဖြစ်စေမယ့် DIY လက်ဆောင်ခပ်မိုက်မိုက်လေး တစ်ခုပါပဲ။

(၃) Scrabble Picture Frame

Scrabble Picture Frame

Photo : In Love Creative

မိန်းကလေးတိုင်း ကိုယ့်ချစ်သူဆီကနေ ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ဆောင်လေးတွေ ရတာကို အင်မတန် နှစ်သက်သဘောကျ ကြပါတယ်။ ကွီးတို့အနေနဲ့ ချစ်သူလေး အတွက် အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်းလေးတစ်ခု ဖန်တီးပေးချင်တယ်ဆိုရင်တော့ Scrabble Picture Frame လေးက အကောင်းဆုံး လက်ဆောင်တစ်ခုပါပဲ။ ဒါက ကွီးတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအပေါ် ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာကို သူမသိစေဖို့ ဖော်ညွှန်းပြသနေတဲ့ အရာလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဓာတ်ပုံ Frame လေးပေါ်မှာ ကွီးတို့ ချစ်သူနှစ်ဦးရဲ့ နာမည်စာလုံးလေးတွေကို တွဲဆက်ပုံဖော်ရမှာပါ။ သူမရဲ့ အလုပ်စားပွဲမှာ ဖြစ်ဖြစ် ၊ အိပ်ခန်းထဲမှာဖြစ်ဖြစ် အလှဆင်ထားလို့ရပြီး ဒီ Frame လေးကိုမြင်တိုင်း ကွီးကို သတိရနေစေမှာ သေချာပါတယ်။

Featured Photo : DIY Projects