အိပ်ရာပေါ်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ အမျိုးသားတိုင်း ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ယောကျာ်းလေးတွေရဲ့ ပန်းကလေး ကို ပိုကြာပိုလန်းစေပြီး လိင်မှုစွမ်းဆောင်ရည် မြင့်မားဖို့ဆိုရင် တစ်နေ့တာ စားသောက်နေထိုင်မှု အလေ့အထတွေနဲ့ပတ်သတ်ပြီး အများကြီး ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဟာ ကျွန်တော်တို့ရဲ့ ပန်းကလေးရွှင်လန်းစေဖို့ အဓိက သက်ရောက်မှု ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ အမျိုးသားတိုင်း တောင့်တတဲ့ အတူနေချိန်မှာ ရွှေ ပန်းကလေး ကြာကြာ လန်းစေဖို့ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ မျှဝေပေးပါမယ်။
(၁) ဆေးလိပ်ဖြတ်ပါ
Photo : SACAP | South African College Of Applied Psycholog
ဆေးလိပ်သောက်တာဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို တင်းမာစေပြီး သွေးစီးဆင်းမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် လိင်အင်္ဂါချို့ယွင်းမှုပြဿနာ ခံစားရဖို့ ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် လိင်တံထောင်မတ်နိုင်စွမ်းလျော့ကျတာ ၊ လိင်မှုစွမ်းဆောင်ရည်လျော့ကျတာ စတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
(၂) စိတ်ဖိစီးမှု လျော့ချပါ
Photo : Essential Men’s Clinic
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေဟာ ပန်းကလေး မရွှင်မလန်း ဖြစ်စေတဲ့ အဓိက တရားခံတွေပါပဲ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များနေချိန်မှာ လိင်တံဟာ ကောင်းစွာအပြည့်အဝ ထောင်မတ်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဖိစီးမှုက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အလုံးစုံကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အတွက် နေ့စဉ်ဘဝမှာ တက်နိုင်သမျှ စိတ်ဖိစီးမှု လျော့ချနေထိုင်ဖို့ အကြံပေးချင်ပါတယ်။
(၃) Kegels လေ့ကျင့်ခန်း အချို့လုပ်ပါ
Photo : Wil – Male Pelvic Floor Trainer
Kegels လေ့ကျင့်ခန်းတွေက အဓိကအားဖြင့် တင်ပါးဆုံအတွင်းမှာရှိတဲ့ ကြွက်သားတွေကို သန်မာစေပြီး ဆီးအိမ်ကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်စေနိုင်တဲ့အပြင် လိင်မှုဘဝကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ Kegels လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးတာဟာ အမျိုးသားတို့ရဲ့ ပန်းကလေး ကို အချိန်ကြာကြာ ပိုလန်းစေပြီး ထောင်မတ်မှုပိုင်းမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝ ရစေနိုင်တယ်လို့ ဆိုထားပါတယ်။
(၄) ညစ်ညမ်းရုပ်ရှင်တွေ ဖြတ်ပါ
Photo : Addiction Center
ညစ်ညမ်းရုပ်ရှင် စွဲလန်းမှုဟာ တကယ့်လက်တွေ့ပြင်ပ လိင်မှုဘဝအပေါ်အများကြီး ဆိုးကျိုး သက်ရောက်စေပါတယ်။ နေ့တိုင်းလိုလို ညစ်ညမ်းရုပ်ရှင်တွေကြည့်မယ် ၊ အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေမယ်ဆိုရင် ပန်းကလေး ရဲ့ နိုးကြားနိုင်စွမ်းကို ထိခိုက်စေနိုင်ပြီး အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။
(၅) ကျန်းမာအောင်စားပါ
Photo : The Healthy
ကျန်းမာတဲ့ လိင်မှုဘဝကို ရရှိဖို့အတွက် သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံလည်း ရှိရပါမယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ ပါတဲ့ အစားအသောက်တွေက ပန်းကလေး ဆီ သွေးစီးဆင်းမှုကို တိုးမြှင့်စေပြီး လိင်တံရဲ့ ကြီးထွားမှု အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။ Junk Food တွေ ၊ အဆီများ အငံများ အချိုများတဲ့ အစားအစာတွေ ၊ ဆီကြော်စာတွေ ၊ ပြုပြင်အေးခဲထားတဲ့ အသားတွေကိုတော့ ရှောင်ပါ။ ဒီလိုကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေက လိင်အင်္ဂါချို့ယွင်းမှုကို တိုက်ရိုက်မဖြစ်စေဘူး ဆိုရင်တောင် ဝမ်းဗိုက်မှာ အဆီစုလာစေပြီး အဝလွန်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
Featured Photo : Healthy Male