မိတ်ဆွေတို့ရေ ကျွန်တော်တို့ ရှင်သန်နေရတဲ့ဘဝက တကယ်တွက်ကြည့်ရင် တိုတိုလေးပါ။ တစ်ခါတစ်ရံမှာ ကိုယ်ရှင်သန်နေခဲ့တဲ့ ဘဝကို နောက်ပြန်လှည့်ကြည့်ရင် မှားခဲ့တာတွေ၊ နောင်တတွေ ရှိတတ်စမြဲပါပဲ။ ကိုယ်ဘယ်လို အသက်အရွယ်ပဲ ရောက်ရှိနေပါစေ၊ ဖြတ်သန်းခဲ့တဲ့ တစ်လျှောက်မှာ လုပ်ခဲ့တာတွေက ပြီးသွားခဲ့ပါပြီ။ သင်ခန်းစာယူစရာတွေကို ယူပြီး ရှေ့ဆက်လျှောက်ရမှာပါ။ မိတ်ဆွေတို့ အနေနဲ့ အချိန်အတိုင်းအတာတစ်ခုကို ရောက်ရှိတဲ့အချိန် ကိုယ့် ဘဝကို ပြန်လှည့်ကြည့်တဲ့အခါ နောင်တ မရှိဖို့ ဒါမှမဟုတ် နောင်တ နည်းနိုင်သမျှနည်းအောင် လုပ်ဖို့လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အနာဂတ်မှာ မိတ်ဆွေတို့ ဘဝတစ်လျှောက်မှာ ရှေ့ဆက်ဖြတ်သန်းမယ့်အပေါ် နောင်တမရချင်ဘူးဆိုရင် အခုချက်ချင်း ရပ်တန့်ပစ်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သံသယဝင်နေခြင်းကို ရပ်တန့်ပစ်လိုက်ပါ

ဘဝကို နောင်တ

Photo : Lifehack

မိတ်ဆွေတို့ ဘယ်အရာကိုမဆို လုပ်ဆောင်ရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါသလား။ ကိုယ့်ကိုယ်ကို မယုံရင် ဘယ်သူမှ မိတ်ဆွေတို့ကို ယုံကြည်မှုရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီအချိန်ကစပြီး ကိုယ်လုပ်ချင်တာတွေ၊ ကိုယ့်ပန်းတိုင်တွေကို ရောက်ရှိအောင်မြင်နိုင်ဖို့ ကိုယ့်ကိုယ်ကို သံသယဝင်နေခြင်းကို ရပ်တန့်ပစ်လိုက်ပါ။ ကိုယ့်ကိုယ်ကို သံသယဝင်နေမယ့်အစား အကောင်းမြင်စိတ်နဲ့တွေးပါ။ ကိုယ့်ကိုယ်ကို “ငါ လုပ်နိုင်ပါ့မလား” ဆိုတဲ့ သံသယဝင်နေခြင်းက တစ်ချိန်မှာ ကွီးတို့အတွက် နောင်တရစရာ ဖြစ်လာနိုင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့အရာ၊ အောင်မြင်ချင်တဲ့အရာတွေအတွက်လည်း ဆူးငြောင့်ခလုတ်ပါပဲ။

အဆိုးမြင်စိတ်ကို ရပ်တန့်ပစ်ပါ

ဘဝကို နောင်တ

Photo : Youth Crisis Center

အဆိုးမြင်စိတ်ရှိသူတွေ၊ အပျက်သဘောဆောင်တဲ့ အရာတွေကိုပဲ အမြဲတွေးနေ ပြောနေသူတွေကို လူတွေက သဘောမကျကြပါဘူး။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်အတွက်လည်း ဒီလို အဆိုးမြင်စိတ်တွေက အောင်မြင်မှုလမ်းကြောင်းကို လျှောက်လှမ်းတဲ့ နေရာမှာ အဟန့်အတားဖြစ်လာနိုင်ပြီး မိတ်ဆွေတို့ရဲ့ ပန်းတိုင်ကို ရောက်ရှိအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

အချိန်ဆွဲခြင်းကို ရပ်တန့်ပစ်လိုက်ပါ

ဘဝကို နောင်တ

Photo : The Sun Daily

ဘဝမှာ နောင်တရစရာ အကောင်းဆုံးကိစ္စကို ပြောပါဆိုရင် ယေဘုယျအားဖြင့် လူတိုင်းတန်းတူညီမျှစွာ ရတဲ့အချိန်ကို ကောင်းစွာအသုံးမချမိတာပါပဲ။ အချိန်ဆွဲခြင်း၊ အချိန်ကိုမလေးစားခြင်းက ကွီးတို့ဘဝရဲ့ အောင်မြင်တိုးတက်မှုနဲ့ ဝေးကွာစေတဲ့ အဓိကအကြောင်းအရင်းပါ။ နောင်တစ်ချိန်မှာ ကိုယ်ဘဝကို ပြန်ကြည့်တဲ့ အခါ “ငါဘာလို့ အချိန်တွေဖြုန်းခဲ့မိပါလိမ့်” ဆိုတဲ့ နောင်တမျိုးမရရှိအောင် အခုကစပြီး အချိန်ဆွဲခြင်းကို ရပ်တန့်ပစ်လိုက်ပါ။

ပျင်းရိခြင်းကို ရပ်တန့်ပစ်လိုက်ပါ

ဘဝကို နောင်တ

Photo : Apperciation at Work

ပျင်းရိခြင်းက ကျွန်တော်တို့ကို အောင်မြင်မှုတွေ၊ ပန်းတိုင်တွေနဲ့ ဝေးကွာစေတယ့် အဓိကတရားခံပါပဲ။ လူဆိုတာ တစ်ခါတစ်ရံ ပျင်းရိတတ်ပါတယ်။ သို့သော်လည်း အရာရာကို ရေသာခိုပြီး ပျင်းနေတယ်ဆိုရင် ပျင်းရိခြင်းက အကျင့်ဖြစ်သွားပြီး မိတ်ဆွေတို့ရဲ့ ဘဝကို ဘက်ပေါင်းစုံကနေ နှောင့်ယှက်ပါလိမ့်မယ်။ ကိုယ်ရရှိထိုက်တဲ့ အခွင့်အရေးတွေကိုလည်း လက်လွှတ်ဆုံးရှုံးရပါလိမ့်မယ်။ နောင်မှ နောင်တမရခြင်းဘူးဆိုရင် ပျင်းရိခြင်းကို အခုရပ်တန့်လိုက်ပါလို့ အကြံပေးပါရစေ။

ဆင်ခြေပေးခြင်းကို ရပ်တန့်လိုက်ပါ

Photo : Black Shirts

လူဆိုတာ ဘဝမှာ အမှားတွေ၊ ကျရှုံးမှုတွေနဲ့ မကင်းနိုင်ပါဘူး။ ဒီလို အမှားတွေ၊ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ သင်ခန်းစာယူ ပြင်ဆင်ကာ ရှေ့ဆက်လျှောက်လှမ်းဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ အမှားတွေကို ကျရှုံးမှုတွေကို တစ်စုံတစ်ရာကြောင့် သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ဆိုပြီး ဆင်ခြေပေးတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ ကြိုးစားမှုလိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်း မိတ်ဆွေတို့ ဘဝမှာ နောင်တရစေနိုင်တဲ့ အကျင့်ဖြစ်တာကြောင့် ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

တစ်ကိုယ်ကောင်းမဆန်ပါနဲ့

Photo : Parade

လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကိုယ်ပိုင်ဘဝမှာ ဖြစ်စေ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေရင် ကိုယ့်အတွက်ချည်းပဲ တွေးတောကာ ကိုယ်တစ်ယောက်တည်း ကောင်းဖို့အတွက် တစ်ကိုယ်ကောင်းမဆန်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ တစ်မိနစ်လောက်ရပ်ပြီး မင်းရဲ့လုပ်ရပ်တွေက တခြားလူတွေကို ဘယ်လိုအကျိုးသက်ရောက်စေလဲ စဉ်းစားကြည့်ပါ။ မိတ်ဆွေက ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားပြီး တစ်ကိုယ်ကောင်းဆန်နေမိတယ်ဆိုရင် ဒါကို ရပ်တန့်ပစ်ဖို့လိုပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့သူ အနားမှာ ဘယ်သူမှ ကြာကြာရှိပေးမှာ မဟုတ်ပါဘူး။ အချိန်တစ်ခုရောက်မှ နောင်တမရပါစေနဲ့။

ချစ်ရတဲ့သူတွေကို အချိန်ပေးဖို့ မတွန့်ဆုတ်ပါနဲ့

Photo : East Coast Radio

ယနေ့ခေတ် အပြိုင်အဆိုင်များတဲ့ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ကိုယ့်စီကိုယ်စီ ရုန်းကန်နေရပြီး လုပ်ငန်းဆောင်တာတွေနဲ့ အလုပ်ရှုတ်ကာ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ ကိုယ်တိုင်ဒီလိုလုပ်မိနေရင် ဒီအချက်လေးကို ပြင်ပါ။ ကိုယ်ချစ်တဲ့သူတွေ၊ ကိုယ့်ဘဝအတွက် အရေးပါတဲ့သူတွေကိုလည်း အချိန်ပေးပြီး အမှတ်တရတွေ ဖန်တီးဖို့ မမေ့ပါနဲ့။ ဘဝနဲ့ အလုပ်ညီညွတ်မျှတစွာ စီမံခန့်ခွဲပါ။ ဒီအချက်ကလည်း ဘဝမှာ နောင်တမရစေဖို့ အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက မိတ်ဆွေတို့ ဘဝကို ပြန်လှည့်ကြည့်တဲ့ အခါ နောင်တ တွေ၊ ယူကျုံးမရမှုတွေ မရှိရလေအောင် ရပ်တန့်ပစ်ရမယ့် အချက်တွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ ဘဝအတွက် အထောက်အကူပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Inc Magazine