တရုတ်နိုင်ငံ အရှေ့တောင်ဘက်မှာ တည်ရှိတဲ့ ထိုင်ဝမ် ကျွန်းနိုင်ငံကတော့ ကမ္ဘာပေါ်မှာ လူဦးရေအထူထပ်ဆုံးနဲ့ ဖွံ့ဖြိုးတိုးတက် စည်ကားလျက်ရှိတဲ့ မြို့ကြီးတွေ ၊ လှပတဲ့ ရှေးဟောင်းဘုရားကျောင်းတွေ ၊ ပြတိုက်တွေ ၊ သဘာဝ ရှုခင်းအလှတွေ ၊ သက်ဝင်လှုပ်ရှားနေတဲ့ ညဈေးတွေနဲ့ ပြည့်နှက်နေတဲ့ ရင်သပ်ရှုမောဖွယ် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ တရုတ်ကနေ ခွဲထွက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တက်ကြွလှုပ်ရှားစွာဦးဆောင်နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ လည်ပတ်စရာ နေရာတွေများသလို အစားအသောက်နဲ့ ရိုးရာယဉ်ကျေးမှုတွေကလည်း တစ်သက်မမေ့နိုင်စရာ အမှတ်တရခရီးစဉ်တစ်ခုအဖြစ် ခရီးသွားချစ်သူတွေရဲ့ နှလုံးသားထဲ ထင်ကျန်နေစေခဲ့မှာ ဖြစ်တာကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ထိုင်ဝမ် မြေရဲ့ဖုံးကွယ်နေတဲ့ အလှတရား စစ်စစ်တွေဆီ အလည်အပတ် ခေါ်သွားချင်ပါတယ်။
(၁) Alishan National Scenic Area

Photo : Photos.com by Getty Images
Alishan National Scenic Area ကိုတော့ အရိုင်းဆန်ပြီး အံ့သြဖွယ်ကောင်းတဲ့ နေရာတစ်ခုလို့ ခေါ်ကြပါတယ်။ Alishan National Scenic Area ဟာ တောင်တန်းထူထပ်ပြီး အမှန်တကယ်အားဖြင့် မီတာနှစ်ထောင် သို့မဟုတ် ဒီထက်ပိုမြင့်တဲ့ တောင် ၂၅ တောင် ဆက်တိုက်တည်ရှိတဲ့ ရင်သပ်ရှုမောဖွယ် နေရာတစ်ခုပါ။ တောင်တန်းတွေ ၊ ချိုင့်ဝှမ်းတွေ ၊ ရေတံခွန်တွေ ၊ မှော်ဆန်ဆန်လှပနေတဲ့ သဘာဝ သစ်တောရှုခင်းတွေနဲ့ တကယ့်ကိုပဲ ထိုင်ဝမ် နိုင်ငံရဲ့ အလှအပဆုံး သော ရှုခင်းမြင်ကွင်းတွေကို မြင်တွေ့ခံစား ရမှာပါ။ လက်ဖက်ဖျော်တဲ့နေရာမှာ နာမည်ကြီးတဲ့ Tsou လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ၊ နေထိုင်မှု ပုံစံတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပြီး အမှတ်တရများစွာ ထင်ကျန်ရစ်စေမယ့် ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ။
(၂) Sun Moon Lake

Photo : Hoponworld
Sun Moon Lake လို့ နာမည်တွင်တဲ့ ရင်သပ်ရှုမောဖွယ် ရေကန်ဟာ ထိုင်ဝမ် နိုင်ငံရဲ့ အကြီးဆုံး ရေကန်ကြီးဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားချစ်သူတွေအကြား ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ရေကန်ကြီး တစ်လျှောက်မှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ အများအပြားတည်ရှိနေပြီး စားသောက်ဆိုင်တွေ ၊ ဈေးဆိုင်တန်းတွေနဲ့ အနားယူအပန်းဖြေစရာ ဘားတွေလည်း အများကြီး တည်ရှိနေပါတယ်။ Sun Moon Lake ကို အလည်အပတ်သွားမယ့်သူတွေအနေနဲ့ Outdoor Activities တွေလည်း အများကြီး လုပ်ဆောင်နိုင်မှာဖြစ်ပြီး ရေကန်ကြီးအတွင်း ရွက်လှေစီးခြင်း ၊ တောင်တက်ခြင်း ၊ စက်ဘီးစီးခြင်းအပြင် အမိုက်စား ပြင်ပလှုပ်ရှားမှုလေးတွေ လုပ်ရင်း ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေကို ခံစားအနားယူအပန်းဖြေလို့ ရပါတယ်။ သဘာဝ အလှတရား စစ်စစ်ကို ခံစားပြီး ရှေးဟောင်းဘုရားကျောင်းတွေကို သွားရောက်လည်ပတ်နိုင်သလို ရေကန်ကြီးရဲ့ မမေ့နိုင်စရာ မြင်ကွင်းတွေကို ကေဘယ်လ်ကားစီးခြင်းဖြင့်လည်း ကြည့်ရှုခံစားလို့ ရပါသေးတယ်။
(၃) Taroko National Park
Photo : Forbes
ထိုင်ဝမ် နိုင်ငံထဲက လည်ပတ်စရာ နောက်ထပ် အံ့ဖွယ်ခရီးသွားနေရာ တစ်ခုကတော့ Taroko National Park ပါပဲ။ လှပတဲ့ သဘာဝ အလှတရားတွေနဲ့ အိပ်မက်ဆန်ဆန် ရှုခင်းအလှတွေ ပေါင်းစုံရာ နေရာဖြစ်ပြီး ကွေ့ကောက်တဲ့ Liwu မြစ်ကျောတလျှောက် ရှေးရာစုနှစ်များစွာကတည်းက ထွင်းထုဖောက်ထားတဲ့ ချောက်ကမ်းပါး လျှောက်လမ်းဟာလည်း Taroko National Park ကို လာရောက်လည်ပတ်ချင်စရာ အဓိက ဆွဲဆောင်မှုတစ်ခုအဖြစ် တည်ရှိနေပါတယ်။ မြစ်အတွင်း ဖောင်စီးတာ ၊ ချောက်များကို ဖြတ်ကျော်ပြီး တောင်တက်တာ စတဲ့ အမိုက်စား Outdoor Activities တွေကိုလည်း လုပ်နိုင်မှာဖြစ်သလို Baiyang ရေတံခွန်မှာလည်း သွားရောက်အနားယူ အပန်းဖြေလို့ ရပါတယ်။ Taroko National Park ကို သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့Taroko ဂီတပွဲတော်ကာလအတွင်းဖြစ်ပြီး အဲ့ဒီဒေသမှာ နေထိုင်တဲ့ လူများစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း စူးစမ်းလေ့လာခွင့် ရမှာဖြစ်ပါတယ်။
(၄) Kinmen Islands
Photo : Touropia
Kinmen ကျွန်းစုကတော့ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိပြီး ၁၉၄၉ ခုနှစ်ကာလတွေအတွင်းမှာ မျိုးချစ်ဝါဒီတွေနဲ့ ကွန်မြူနစ်တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကျော်ကြားတဲ့ ခရီးသွားနေရာတစ်ခု အဖြစ်ရှိနေပြီး နှစ်စဉ် ခရီးသွားလည်ပတ်သူတွေ အများအပြား လာရောက်လျက်ရှိပါတယ်။ Kinmen ကျွန်း စုမှာ လှပတဲ့ သဘာဝရှုခင်းတွေ ၊ အရောင်အသွေးစုံလင်တဲ့ ပန်းတွေနဲ့ စမ်းစိုလှပတဲ့ သစ်တောကြီးတွေ အများအပြား တည်ရှိနေပြီး ကျွန်းပေါ်က ရေပန်းအစားဆုံး လည်ပတ်စရာ နေရာတစ်ခုကတော့ Kinmen National Park ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Kinmen ကျွန်းစုမှာ သမိုင်းဝင်တဲ့ ရှေးဟောင်း အဆောက်အဦတွေ အများကြီးရှိသလို ခရီးသွားတွေအတွက် သွားရောက်လေ့လာနိုင်မယ့် အံ့ဩဖွယ်ရာ ရှေးဟောင်း ဗိသုကာလက်ရာတွေလည်း လက်ညိုးထိုးမလွဲ တည်ရှိနေပါတယ်။ ရှုခင်းတွေလှပရုံတင်မကပဲ ဒေသထွက်ကုန်တွေနဲ့အရသာရှိတဲ့ ဟင်းလျာတွေကြောင့်လည်း ကျော်ကြားတဲ့ Kinmen ကျွန်းစုဟာ ထိုင်ဝမ် နိုင်ငံကို ရောက်တဲ့အခါ သေချာပေါက် သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
Featured Photo : TripZilla


