အဆီပြန်ခြင်းကင်း ၊ ဝက်ခြံရှင်းတဲ့ ကြည်လင်ဝင်းပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်ချင်ပါသလား။ ဒါဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်း DIY Face Pack လေးတွေ ရှိပါတယ်။ ချွေးပေါက် ပိတ်ဆို့ခြင်း ၊ အဆီပြန်ခြင်း ၊ အသားအရေ ကြမ်းတမ်းပျက်စီးခြင်း ၊ အမည်းစက်နဲ့ ဝက်ခြံထွက်ခြင်းတွေကို ထိထိရောက်ရောက် သက်သာစေပြီး ကိုရှင်းသန့် တစ်ယောက် ဖြစ်စေဖို့ ကူညီပေးပါလိမ့်မယ်။ ကဲဒါဆို မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ ကြည်လင်ရှင်းသန့်တဲ့ မျက်နှာအသားအရေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ DIY Face Pack ပြုလုပ်နည်းလေးတွေကို ပြောပြပေးပါမယ်။
(၁) ပျားရည်နဲ့ သံပုရာရည်
Photo : Eva Purity
ပျားရည်မှာ ဝက်ခြံထွက်ခြင်းကို သက်သာစေတဲ့ ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။ သံပုရာရည်ကတော့ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီကွက်တွေကို လျော့ချပေးနိုင်ပြီး အသားအရေ ယားယံခြင်း ပြဿနာတွေကို လျော့ကျပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
သံပုရာရည် စားပွဲတင်ဇွန်း တဝက်
ပြုလုပ်နည်းအဆင့်ဆင့်
ပါဝင်ပစ္စည်း ၂ မျိုးလုံးကို ပန်းကန်လုံးအသေး ၁ လုံးထဲမှာ သေချာရောမွှေပါ။
ရလာတဲ့ အရောအနှောကို မျက်နှာအရေပြားပေါ် သေချာဖြန့်ပြီး ခပ်ပါးပါး လိမ်းပါ။
ဝက်ခြံရှိတဲ့နေရာတွေကို ပိုဂရုစိုက်ပြီး သေချာလိမ်းပေးပါ။
၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
တစ်ပတ်ကို ၂ – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
ကြည်လင်ရှင်းသန့်တဲ့ မျက်နှာအသားအရေ ပိုင်ဆိုင်ထားတဲ့ ကိုရှင်းသန့် တစ်ယောက်ဖြစ်နိုင်ပါပြီ။
(၂) ရှားစောင်းလက်ပတ်နဲ့ နနွင်း
Photo : India TV Hindi
ရှားစောင်းလက်ပတ်နဲ့ နနွင်း နှစ်မျိုးလုံးက ရောင်ရမ်းမှုတွေကို သက်သာစေပြီး ဝက်ခြံတွေကို လျော့ပါးစေကာ အသားအရေကို ကျန်းမာနုပျိုစေ နိုင်စွမ်းရှိပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
လတ်ဆတ်တဲ့ ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
နနွင်း စားပွဲတင်ဇွန်း တဝက်
ပြုလုပ်နည်းအဆင့်ဆင့်
Blender ထဲမှာ ရှားစောင်းလက်ပတ်အနှစ်ကို သေချာကြေညှက်သွားအောင် မွှေပါ။
ရလာတဲ့ ရှားစောင်းလက်ပတ်အနှစ်ထဲကို နနွင်းရောထည့်ပြီး သမအောင် ထပ်မွှေပေးပါ။
ပြီးရင်တော့ မျက်နှာအနှံ့ ခပ်ပါးပါး လိမ်းပေးပါ။
၁၅ – ၂၀ မိနစ်လောက် ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ ရပါပြီ။
တစ်ပတ်ကို ၂ – ၃ ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။
ကွီးတို့ရဲ့ မျက်နှာအသားအရေလေးက ကြည်လင်ဝင်းပပြီး ရှင်းသန့်တဲ့ ကိုရှင်းသန့် ဖြစ်လာပါလိမ့်မယ်။
(၃) ကြက်ဥအကာ ၊ သံပုယိုရည်နဲ့ Tea Tree Oil
Photo : Organicbrands.gr
Tea Tree Oil က ဘက်တီးရီးယားတွေကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး ဝက်ခြံတွေကို လျော့ပါးစေတယ်။ ကြက်ဥအကာက အသားအရည်ကို တင်းတင်းရင်းရင်း ဖြစ်စေတဲ့ အာနိသင်ရှိပါတယ်။ ကြက်ဥအကာ ၊ Tea Tree Oil နဲ့ သံပုယိုရည်ကို မျက်နှာပေါ်မှာ လိမ်းပေးခြင်းဖြင့် အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းများ
ကြက်ဥအကာ ၁ လုံး
သံပုယိုရည် စားပွဲတင်ဇွန်း တဝက်
Tea Tree Oil ၂ စက်
ပြုလုပ်နည်းအဆင့်ဆင့်
ပါဝင်ပစ္စည်းအားလုံး ပန်းကန်တစ်ခုထဲမှာ သေချာနှံ့သွားအောင် ရောမွှေပေးပါ။
ထို့နောက် ရလာတဲ့ အရောအစပ်ကို နူးညံ့တဲ့ Brush အသုံးပြုပြီး မျက်နှာပေါ် ခပ်ပါးပါး လိမ်းပေးပါ။
ပြီးရင် ၁၀ – ၁၅ မိနစ်ခန့် ခြောက်အောင်ထားလိုက်ပါ။
အချိန်ပြည့်ရင် ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။
တစ်ပတ်ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
အဆီပိုနဲ့ ဝက်ခြံတွေကင်းရှင်းပြီး ကြည်လင်ရှင်းသန့်တဲ့ ကိုရှင်းသန့် မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Gentlehomme