တချို့သောလူတွေက တစ်ယောက်တည်းလည်း နေရတာ အဆင်ပြေပြီး ပျော်ပေမယ့် အချို့သူများအတွက်တော့ တစ်ကိုယ်တည်း အဆင်ပြေဖို့ ပျော်ဖို့က စိန်ခေါ်မှုတစ်ခုပါ။ ချစ်ခင်ရသူတွေရဲ့ အနားမှာရှိပြီး ဘဝကို အတူတူဖြတ်သန်းရခြင်းက အမှန်တကယ်ကို ပျော်ရွှင်မှု တစ်ခုပါ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်း၊ ကိုယ်တိုင်ရွေးချယ်မှုကြောင့်သော်လည်းကောင်း တစ်ကိုယ်တော် ဖြတ်သန်းဖို့ ဆုံးဖြတ်တဲ့အခါမှာ ဘာမှမစိုးရိမ်ပါနဲ့။ ဒီဆောင်းပါးလေးမှာ ကွီးတို့ တစ်ကိုယ်တည်းလည်း ပျော်ဖို့ အကြံပြုချက်လေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သူများနဲ့ မယှဉ်ပါနဲ့
Photo : Antoinette Oglethorpe
ဒီအချက်က ပြောရတာလွယ်ပေမယ့် တကယ့်လက်တွေ့မှာတော့ လူ့သဘာဝအရ ကိုယ်ရဲ့ ဖြစ်တည်မှုနဲ့ အခြားသူများရဲ့ ဖြစ်တည်မှုကို နှိုင်းယှဉ်မိတတ်ကြပါတယ်။ ဒီလို ကိုယ့်ရဲ့ လူမှုရေးဘဝကို အခြားသူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီလို နှိုင်းယှဉ်မိခြင်းက ကွီးတို့ရဲ့စိတ်ကို အလိုမကျဖြစ်စေပြီး ပျော်ရွှင်စေမှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဖြစ်တည်မှုကိုသာ အာရုံစိုက်ပါ။
ကိုယ်သဘောကျတဲ့ အရာလေးတွေကို အချိန်ပေးပါ
Photo : EI Mostrador
လူတော်တော်များများ အတွက် ကိုယ်သဘောကျတဲ့အရာတွေ၊ ကိုယ်ဝါသနာတွေကို လုပ်ဆောင်နေရတဲ့ အချိန်က အပျော်ရွှင်ဆုံးနဲ့ အတောက်ပဆုံးအချိန်ပါပဲ။ ဒါ့ကြောင့် တစ်ကိုယ်တည်းဆိုလည်း စိတ်မပျက်ပါနဲ့ ။ တစ်ကိုယ်တော် လုပ်လို့ရတဲ့အရာတွေ အများကြီးရှိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ ဝါသနာလေးတွေ၊ ငယ်ငယ်က လုပ်ချင်ခဲ့တာလေးတွေကို ပြုလုပ်ပါ။ ဒီအချက်ကလည်း ကိုယ့်ရဲ့ဘဝမှာ ဘယ်သူကိုမှ မလိုအပ်ပဲ ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေနိုင်တဲ့ အချက်ပါပဲ။
သဘာဝတရားနဲ့ အချိန်ဖြုန်းပါ
Photo : Vista Create
တစ်ခါတစ်လေမှာ စစ်မှန်သော အေးချမ်းမှုနဲ့ တည်ငြိမ်မှုကို သဘာဝတရားကြီးက ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အရင်က သဘာဝတရားကြီးကို ခံစားဖို့ အချိန်မရှိခဲ့ဖူးဆိုရင်တောင် အခုကစပြီး သဘာဝတရားနဲ့ ထိတွေ့လိုက်ပါ။ ကိုယ်ရဲ့ အားလပ်ချိန်တွေမှာ အခန်းထဲမှာ တစ်ယောက်တည်း ဖုန်းသုံးနေတာထက် အပြင်ထွက်ပြီ လမ်းလျှောက်ပါ။ ပန်းခြံထဲမှာ ခဏထိုင်ပါ။ တိုက်ခတ်လာတဲ့ လေပြေညှင်းလေးတွေကို ခံစားပါ။ အမှန်တကယ်ကို အေးချမ်းမှုနဲ့ တည်ငြိမ်မှုကို ခံစားရပါလိမ့်မယ်။ လေ့လာမှုတစ်ခုအရ သဘာဝမှာ တစ်ပတ်လျှင် မိနစ် ၃၀ သို့မဟုတ် ထို့ထက်ပိုပြီး ထိတွေ့ခြင်းက စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာများနှင့် သွေးပေါင်ချိန်ကို လျော့ကျစေတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးပါ
Photo : Centr
လေ့ကျင့်ခန်းလုပ်တာက ကျွန်တော်တို့ ဦးနှောက်မှာရှိတဲ့ Endorphin ကဲ့သို့ ပိုပျော်စေနိုင်တဲ့ အာရုံကြောဓာတ်တွေ ထုတ်ပေးပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ရော ကိုယ်ပါ တတ်ကြွလန်းဆန်းစေပြီး ကျန်းမာရေးလည်းကောင်းစေပါတယ်။ ဒါ့ကြောင့် တစ်နေ့မှာ နာရီဝက်လောက်ပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်အတွက် အချိန်ပေးပြီး လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါ။
တစ်ကိုယ်တော် ခရီးထွက်ပါ
Photo : One Travel
တစ်ယောက်တည်း ဖြစ်နေလို့ ဘာမှစိတ်ဓာတ်မကျပါနဲ့။ ကောင်းမွန်တဲ့ အတွေ့အကြုံအသစ်တွေကို ဖန်တီးဖို့ အခွင့်အရေးကောင်းပါပဲ။ အရင်ဆုံး တစ်ကိုယ်တော်ခရီးသွားကြည့်ပါ။ ခရီးသွားခြင်းက စိတ်ကိုပျော်ရွှင်စေတဲ့အပြင် စိတ်ရော ကိုယ်ပါ တတ်ကြွစေပြီး အသစ်တဖန် လန်းဆန်းစေပါတယ်။ အုပ်စုလိုက်ခရီးသွားခြင်းက ပျော်စရာကောင်းသလို တစ်ကိုယ်တော်ခရီးသွားခြင်းကလည်း မတူညီတဲ့ ခံစားမှုနဲ့ အတွေ့အကြုံအသစ်တွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်လည်း ယုံကြည်မှု ပိုရှိလာစေပါတယ်။
အသစ်အသစ်သော အရာတွေကို သင်ယူပါ၊ ကိုယ်တိုင်ဖန်တီးကြည့်ပါ
Photo : Casting Frontier
တစ်ခါတစ်လေမှာ ကိုယ်တိုင်ဖန်တီးပြုလုပ်ခြင်းဖြစ်စေ၊ အသစ်အသစ်သော အရာတွေကို သင်ယူခြင်းကနေ ဖြစ်စေ ကိုယ့်ရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ဝင်စားစရာတွေကို ထပ်မံ တွေ့ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ဘာသာစကားဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သင်ယူပါ။ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အရာလေးတွေကိုလည်း တီထွင်ပြုလုပ်ကြည့်ပါ။ အာရုံစူးစိုက်မှုနဲ့ စိတ်တည်ငြိမ်မှုကို ရရှိမှာ အသေအချာပါပဲ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ တစ်ကိုယ်တည်းလည်း ပျော်ဖို့ ၊ အဆင်ပြေဖို့ ကွီးတို့ လိုက်လုပ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
Featured Photo : Entrepreneur