လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပါပဲ ကျွန်တော်တို့ ရှင်သန်ကျင်လည်ရာ ဘဝပတ်ဝန်းကျင်မှာ အရောင်အသွေး မျိုးစုံ ၊ စိတ်နေစိတ်ထား အဖုံဖုံ ၊ ပုံစံအမျိုးမျိုးသော လူတွေနဲ့ တွေ့ကြုံဆက်ဆံ ကြရစမြဲပါ။ ကျွန်တော်တို့ အပေါ် အမှန်တကယ် စိတ်ရင်းစေတနာ ကောင်းမွန်တဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေကောင်းတွေ ရှိသလို ကျွန်တော်တို့ရဲ့ နောက်ကျောကို ဓားထိုးမယ့် ရန်သူတော် မိတ်ဆွေအတုအယောင်တွေလည်း တော်တော်များများ ရှိနေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ မိတ်ဆွေကောင်းလို့ ထင်မှတ်ထားကြသူတွေဟာလည်း အချိန်လွန်မှ သရုပ်မှန်ပေါ်လာပြီး ရန်သူစစ်စစ်ဆိုတာ သိခွင့်ရလိုက်တာမျိုးလည်း ရှိတက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလုပ်ခွင်နယ်ပယ်တစ်ခုမှာ ဘယ်သူဟာ ကိုယ့်အတွက် မိတ်ဆွေကောင်းလဲ ? ဘယ်သူကတော့ မိတ်တွေအတုအယောင်လဲ ? ဆိုတာ သိနိုင်ဖို့ အယောင်ဆောင် လုပ်ဖော်ကိုင်ဖက် ရန်သူစစ်စစ်တွေမှာ ရှိတက်တဲ့ သိသာထင်ရှားတဲ့ လက္ခဏာအချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောသူ
Photo : UConn Today – University of Connecticut
လူတစ်ယောက်အကြောင်းကို ရှေ့မှာတစ်မျိုး ၊ ကွယ်ရာမှာတစ်မျိုး အမျိုးမျိုး စကားတွေ ပြောတက်သူဆိုရင်တော့ အဲ့ဒီလူကို သတိကြီးကြီးသာထား ပေါင်းသင်းဆက်ဆံပါ။ ဒီလိုလူတွေက ကိုယ့်ရှေ့မှာတော့ ကိုယ့်ကို ချီးမွှန်းဂုဏ်တင်ပြီး ပြောနေပေမယ့် ကိုယ့်နောက်ကွယ်ရောက်ချိန်မှာ ကိုယ့်အကြောင်းတွေ ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေထံ ပြန်လည်မျှဝေပြီး အတင်းအဖျင်းလုပ် ပြောတက်သူတွေ ဖြစ်ပါတယ်။ ဒါဟာ အဆိပ်အတောက်ဆန်သူတွေရဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် ဒီလိုလူတွေဟာ သင်သတိထားရမယ့် ရန်သူတော် အတုအယောင် လုပ်ဖော်ကိုင်ဖက် တွေသာ ဖြစ်ပါတယ်။
(၂) ဝေဖန်နှိမ့်ချတက်သူ
Photo : Els Bosma
အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေဟာ ကျွန်တော်တို့အတွက် အများကြီးအထောက်ကူ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်ရဲ့ လုပ်ဖော်ကိုင်ဖက် က သင့်ဘာလုပ်လုပ် အဆက်မပြတ် ဝေဖန်နေတယ် ဒါမှမဟုတ် သင့်ရဲ့ ကြိုးစားအားထုတ်မှုတိုင်းကို နှိမ့်ချဆက်ဆံနေတယ်ဆိုရင် ဒါဟာ မိတ်ဆွေအစစ်အမှန် မဟုတ်ကြောင်း သက်သေပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ သင့်အပေါ် ကောင်းစေချင်လို့ဆိုတာထက် သင့်ကိုယ်တိုင် သင့်ရဲ့အရည်အချင်းအပေါ် သံသယဝင်မိသွားအောင် မသိစိတ်ကို စေခိုင်းနေတဲ့ အပျက်သဘောဆောင်တဲ့ အဆိပ်အတောက် လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။
(၃) တပါးသူ အခွင့်အရေးကို ကန့်သတ်ဖို့ ကြိုးစားသူ
Photo : All Pro Dad
မိတ်တွေ အတုအယောင်တွေဟာ အမြဲတမ်းလိုလို သူတို့ရဲ့ မသိစိတ်ထဲမှာ သင်အနေနဲ့ သူတို့ရှေ့ကို ကျော်တက်သွားမှာ ၊ သူတို့ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြလိုက်နိုင်မှာ အင်မတန်စိုးရိမ်ကြောင့်ကြ တက်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ သင့်ကို လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်တွေ ထိန်ချန်တာ ၊ အရေးကြီး အစည်းအဝေးတွေကနေ သင့်ကို ဖယ်ထုတ်ဖို့ ကြိုးစားတာ စသည့်ဖြင့် သင်ရရှိမယ့် အခွင့်အရေးတွေကို ကန့်သတ်ဖို့ ကြိုးစားတဲ့ အခြေအနေတွေ လုပ်တာတွေ့ရ ပါလိမ့်မယ်။ သူတို့က သင့်ရဲ့ အောင်မြင်မှုလှေခါးမှာ ခိုကပ်ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့ ကပ်ပါးကောင်တွေအဖြစ် ရှိနေမှာပါ။ ဒီလိုအရိပ်အယောင် တွေ့ရတဲ့ လုပ်ဖော်ကိုင်ဖက် မျိုးဆိုရင်တော့ ဝေါင်ဝေါင်သာရှေး လိုက်ဖို့ အကြံပေးပါရစေ။
(၄) အပြန်အလှန် လေးစားမှုကို တန်ဖိုးမထားသူ
Photo : Lisa McLeod
ဘယ်လောက်ပဲ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဖက် တွေ ဖြစ်နေပါစေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုကို တန်ဖိုးမထားတက်သူဆိုရင် မိတ်ဆွေစစ်စစ်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ တစ်ခါတစ်လေမှာ ခင်ပါတယ်ဆိုတဲ့ စကားရဲ့နောက်ကွယ်ကနေ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကို ထိပါးစွက်ဖက်လာတာ ၊ အားနည်းချက်တွေကို လူတွေရှေ့မှာ စနောက်ဟာသလုပ်တာ စတဲ့ သိက္ခာမဲ့တဲ့ လုပ်ရပ်တွေကို အဆိပ်အတောက်ဆန်တဲ့ လူအချို့ လုပ်တက်ကြပါတယ်။ ဒီလို အပြန်အလှန် လေးစားမှုမရှိတဲ့ လူတွေအပေါ်ယုံကြည်ပြီး စိတ်ရင်းနဲ့ပေါင်းသင်းမိမယ်ဆိုရင် တစ်ချိန်မဟုတ် တစ်ချိန်မှာ သင့်အပေါ်သစ္စာဖောက်တာခံရနိုင်သလို သင့်ဘဝတက်လမ်းတွေမှာလည်း ကြီးမားတဲ့ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
ကွီးတို့ရော ဘယ်လောက်ဆိုးတဲ့ မိတ်ဆွေအတုအယောင် လုပ်ဖော်ကိုင်ဖက် တွေ ကြုံဖူးပါလဲ ???
Featured Photo : WNYC