ခရီးသွားခြင်းက စိတ်လှုပ်ရှားပျော်ရွှင်ဖွယ် အတွေ့အကြုံကို ပေးစွမ်းနိုင်တယ်ဆို မှန်ပါတယ်။ သို့သော်လည်း စိုစွတ်တဲ့ မိုးရာသီမှာ ခရီးသွားဖို့ကို လူတော်တော်များများက တွန့်ဆုတ်တတ် ကြပါတယ်။ တကယ်တော့ မိုးရာသီမှာ ခရီးသွားခြင်းက ကွီးတို့ကို မတူညီတဲ့ ခံစားမှုရသနဲ့ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ မိုးရာသီမှာ ခရီးသွားရခြင်းထဲက အကျိုးတစ်ခုကတော့ ခရီးသွားများနည်းပါးခြင်းကြောင့် လူများ ထူထပ်များပြားနေခြင်းကနေ ရှောင်ရှားပြီးသားဖြစ်ကာ အထင်ကရနေရာများကို အေး‌ဆေးလည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် မိုးရာသီမှာ ခရီးသွားခြင်းက စိမ်းလန်းစိုပြေနေသော သစ်ပင်ပန်းမန်များနဲ့ အေးမြမှုကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် မိုးမကုန်ခင် ခရီး သွားချင်တဲ့ ကွီးတို့အတွက် နေရာကောင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

အိန္ဒိယ

မိုးမကုန်ခင် ခရီး

Photo : India.com

ကွီးတို့ရေ မိုးရာသီမှာ ပြည်ပကို အလည်ထွက်ချင်ရင် အိန္ဒိယ ကိုလည်း မမေ့ပါနဲ့။ အိန္ဒိယနိုင်ငံရဲ့ မုတ်သုံရာသီက ဇွန်လမှ သြဂုတ်လအထိ ကြာမြင့်တာကြောင့် အခုအချိန်က လည်ပတ်ဖို့အကောင်းဆုံး အချိန်ပါပဲ။ အိန္ဒိယမှာ မတူညီတဲ့ လှပသော ရှုခင်းများရှိပြီး နိုင်ငံရဲ့ အချို့နေရာများမှာ မိုးရွာသော်လည်း အချို့နေရာတွေကတော့ မိုးမရွာပါဘူး။ Uttarakhand ဒေသကတော့ ပန်းပွင့်ချိုင့်ဝှမ်းလို့ ခေါ်ဆိုရလောက်အောင် မိုးရေကို လက်ခံပြီး အနောက်ဟိမဝန္တာတောင်တန်းများကို အလှဆင်ပေးနိုင်တဲ့ မြက်ခင်းနဲ့ ပန်းများကို ဖူးပွင့်စေပါတယ်။ နောက်ထပ် Mussoorie ဒေသကိုလည်း သွားရောက်လည်ပတ်နိုင်ပြီး အတွေ့အကြုံနဲ့ ယဉ်ကျေးမှု အသစ်တွေကို လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Bhatta နှင့် Kempty ရေတံခွန်ကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

ဖိလစ်ပိုင်

Photo : Taking Our Adventures

ကျွန်းပေါင်း ၇,၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဖိလစ်ပိုင်မှာ ရာသီဥတု ခြောက်သွေ့သော ရာသီဥတုနဲ့ စိုစွတ်သော ရာသီဆိုပြီး နှစ်မျိုးရှိပါတယ်။ ဖိလစ်ပိုင်ရဲ့ မိုးရာသီက ဇွန်လမှ အောက်တိုဘာလအထိ ဖြစ်ပါတယ်။ မုတ်သုတ်ရာသီအတွင်း လာရောက်လည်ပတ်ကြသော ခရီးသွားများကို ဒေသခံများက ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံလေ့ရှိပါတယ်။ ဒါ့အပြင် သဘာဝ ဆွဲဆောင်မှုများနဲ့ မိုးရာသီကို လွှမ်းခြုံထားတဲ့ Cebu ကျွန်းကလည်း လည်ပတ်လို့အကောင်းဆုံး နေရာတစ်ခုပါ။ နောက်ထပ် “တောင်ဘက်ဘုရင်မမြို့တော်” ဟုခေါ်သော ကျွန်းမှာလည်း ကာဝါဆန်ရေတံခွန်၊ ကာစီနိုတောင်ထိပ်နှင့် လတ္တမတောင်ကုန်းများရှိပြီး ကွီးတို့အနေနဲ့ သဘာဝအလှအပကို ခံစားနိုင်ပါတယ်။

အင်ဒိုနီးရှား

မိုးမကုန်ခင် ခရီး

Photo : National Online Project

ကျွန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားကို အိန္ဒိယသမုဒ္ဒရာထဲက ကောင်းကင်ဘုံလို့ တင်စားရင် လွန်မယ်မထင်ပါဘူး။ လှပတဲ့ အင်ဒိုနီးရှားရဲ့ ကျွန်းစုများကို မုတ်သုံရာသီမှာ သွားရောက်လည်ပတ်လို့ အကောင်းဆုံးပါပဲ။ အံ့သြဖွယ်ကောင်းသော ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖြန့်ကျက်ပြီး ဂျာဗားအလယ်ပိုင်း မီးတောင်များ၊ ဘာလီရဲ့ ဆန်စပါးခင်းများနဲ့ ဘော်နီယိုရဲ့ စိမ်းလန်းသော မိုးသစ်တောများက အင်ဒိုနီးရှားမှာ ကွီးတို့ လက်လွတ်မခံသင့်တဲ့ နေရာတွေပါပဲ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာတော့ မိုးမကုန်ခင် ခရီး သွားချင်လို့ပဲ ဖြစ်စေ၊ မိုးရာသီအတွင်းမှာ ခရီးသွား အတွေ့အကြုံကိုလိုချင်လို့ပဲ ဖြစ်စေ၊ သွားရောက်လည်ပတ်နိုင်တဲ့ ထိပ်တန်းနေရာ (၃) ခုပဲ ဖြစ်ပါတယ်။ မိုးရာသီမှာ ခရီးသွားရတာက အဆင်မပြေမှု အနည်းငယ် ရှိနိုင်သော်လည်းပဲ ရရှိလာတဲ့ အတွေ့အကြုံနဲ့ ခံစားမှုအသစ်အဆန်းတွေက ကွီးတို့ကို နောင်တမရစေမှာတော့ အသေအချာပါပဲ။

Source : Passport Health, cleartrip

Featured Photo : Trip It