ဆံပင်ဖြူ တယ်ဆိုတာဟာ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်မှာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာ တစ်ခုပါ။ သို့သော်လည်း စိတ်ဖိစီးမှုများတဲ့ ယနေ့ခေတ် နေထိုင်မှု ပုံစံတွေအရလည်း အချို့သူတွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို ကြိုတင် ခံစားရတက်ကြပြီး ဒီထဲမှာ အဖြစ်အများဆုံးကတော့ ဆံပင်တွေ ဖြူလာတာပဲ ဖြစ်ပါတယ်။ Stress ဟာ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်တွေ မညီမျှမှုကို ဖြစ်စေပြီး မီးခိုးရောင် ဒါမှမဟုတ် အဖြူဘက်သမ်းတဲ့ ဆံပင်ကာလာကို ပြောင်းလဲလာစေနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုဒဏ်ကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူ နေပြီဆိုရင်တော့ သဘာဝနည်းအတိုင်း ဆံပင်တွေကို ပြန်လည်နက်မှောင် သန်စွမ်းလာစေဖို့ အိမ်တွင်းကုထုံးနည်းလမ်းကောင်း အချို့ကို ပြောပြပေးပါမယ်။

(၁) ဆီးဖြူသီး ဖျော်ရည်

Indian Gooseberry

Photo : Healthline

ဆီးဖြူသီးဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အထိရောက်ဆုံး သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဆီးဖြူသီးကို ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြသလို အလှအပဆိုင်ရာ ထုတ်ကုန်တွေမှာလည်း ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ဖော်မြူလာ ထည့်သွင်းဖော်စပ် အသုံးပြုလေ့ ရှိပါတယ်။ Stress ကြောင့် ဆံပင်ဖြူ တွေထွက်လာသူတွေအနေနဲ့ ဆီးဖြူသီးကို ကြိတ်ချေထားတဲ့ ဆီးဖြူသီးဖျော်ရည်တစ်ခွက် နေ့တိုင်းသောက်ပေးရုံနဲ့ ဆံပင်တွေကို ပြန်လည်နက်မှောင်လာစေဖို့ကူညီပေးနိုင်သလို ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီကုထုံးဟာ ဆံပင်ဆိုးတွေ မကြာခဏအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆံသားအရောင်ပြောင်းခြင်း ပြဿနာတွေကိုတော့ ကုသပေးနိုင်မှာ မဟုတ်ပါဘူး။

(၂) အပူငွေ့ကုထုံး

hot towel

Photo : Body Charge

အပူငွေ့ကုထုံးနည်းဟာ Stress ကြောင့် ဆံပင်ဖြူ တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ရုံမကပဲ ဓာတုဆိုးဆေးတွေနဲ့ အရောင်ခြယ်ပစ္စည်းတွေကြောင့် ဆံသားကြမ်းတမ်းပျက်စီးခြင်းတွေကိုလည်း ပြန်လည်ကုစားပေးနိုင်စွမ်း ရှိပါတယ်။ အပူငွေ့ကုထုံး ပြုလုပ်နည်းကတော့ ပထမဦးဆုံး သဘာဝအုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ကြက်ဆူဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပေးရပါမယ်။ ထို့နောက် တဘက်သန့်သန့်တထည်ကိုရေနွေးထဲမှာနှစ်ပြီး ရေစင်အောင် ညှစ်ထုတ်ကာ ဦးခေါင်းထက်မှာ အပူဓာတ်ရှိနေတဲ့ တဘက်ကို ပတ်ပြီး ရေနွေးငွေ့ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ၅ မိနစ်ခန့် ထားပါ။ အချိန်ပြည့်ရင် နောက်တစ်ကြိမ် ရေနွေးထဲမှာ တဘက်ကို နှစ် ၊ ရေစင်အောင်ပြန်ညှစ်ပြီး ခုနကနည်းအတိုင်း ၅ မိနစ်ခန့် ထပ်မံပြုလုပ်ပေးရပါမယ်။ စုစုပေါင်း ၃ ကြိမ် ပြုလုပ်ပေးပါ။ ဒီနည်းလမ်းက ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးကို ကောင်းမွန်စေပြီး ဆံပင်ဖြူတွေကို ပြန်လည်နက်မှောင်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ပျဉ်းတော်သိမ်ရွက်

curry leaves

Photo : GreenDNA

ဟင်းခတ်အမွှေးအကြိုင် အရွက်တစ်မျိုးဖြစ်တဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ဆံပင်အရင်းနဲ့ ဦးရေပြား မွေးညင်းပေါက်တွေကို အားကောင်းစေပြီး ဆံသားကျန်းမာသန်စွမ်းဖို့အတွက် အရေးပါတဲ့ Beta-carotene နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ပျဉ်းတော်သိမ်ရွက်မှာ ကယ်လ်စီယမ် ၊ ဖော့စဖရပ်စ် ၊ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့အပြင်ဗီတာမင် C ၊ ဗီတာမင် B ၊ ဗီတာမင် A ဓာတ်တွေလည်း ပါဝင်တာကြောင့် ပျဉ်းတော်သိမ်ရွက်ကို အနှစ်ပုံစံရသည်အထိ ကြိတ်ချေပြီး လိမ်းပေးခြင်းဖြင့် ဦးရေပြားနဲ့ ဆံသားယို့ယွင်းပျက်စီးခြင်း ပြဿနာတွေကို ကုသပေးနိုင်ရုံမက စိတ်ဖိစီးမှုကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူ တဲ့ ပြဿနာကိုလည်း ကူညီဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့သေချာစွာ လိမ်းပြီး မိနစ် ၂၀ ကနေ ၃၀ အကြာထားကာ ခေါင်းလျှော်ပေးပါ။ ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ဦးရေပြားခြောက်သွေ့ယားယံမှုတွေကိုလည်း သက်သာစေပါလိမ့်မယ်။

Featured Photo : BBC Science Focus