လူတိုင်းမှာ ကြောက်တတ်တဲ့ အရာတစ်ခုစီ ရှိကြပါတယ်။ အချို့က ပိုးဟပ်နှင့် အင်းဆက်ပိုးမွှားများကို ကြောက်တတ်ကြပြီး အချို့ကတော့ မှောင်မဲပြီး နက်တဲ့ ရေနက်ထဲသို့ မဆင်းရဲကြလောက်တဲ့အထိ ရေ ကြောက်တတ်ကြပါတယ်။ တကယ်လို့ ကွီးတို့သာ ရေကြောက်တတ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် ဇာတ်ကားများကို ယောင်လို့တောင် မကြည့်မိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ဇာတ်ကား တွေ ကြည့်ပြီးသွားတဲ့အခါ ကြည်လင်ပြာလဲ့နေတဲ့ ရေကူးကန် ထဲတောင် ဆင်းရဲတော့မှာ မဟုတ်တော့လို့ပါပဲ။

(၁) The Meg

Source: Warner Bros. Pictures

ဒီဇာတ်ကားကတော့ ၂၀၁၈ တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Box Office မှာ အမေရိကန်ဒေါ်လာ ၅၃၀.၂ မီလီယံခန့် ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အကျဥ်းကတော့ ရေအောက် သုတေသန ရှာဖွေလေ့လာရေး အသင်းကြီးသည် မျိုးသုဥ်းပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ ဧရာမ ငါးမန်းကြီး တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။ ကျွမ်းကျင် ရေငုတ်သမားသည် ထိုသုတေသနအဖွဲ့ကို ကယ်တင်ဖို့အတွက် ငှားရမ်းခြင်းခံလိုက်ရပါတယ်။ သူတို့အဖွဲ့သည် ဧရာမ ငါးမန်းကြီး လူထူထပ်တဲ့နေရာသို့ မရောက်အောင် အချိန်မှီ တားဆီးရမှာပဲ ဖြစ်ပါတယ်။ သူတို့တွေ အချိန်မှီ တားဆီးနိုင်ပါ့မလား။

(၂) 47 Meters Down

Source: Rotten Tomatoes Classic Trailers

ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် ဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၅.၃ မီလီယံခန့် အသုံးပြုထားတာ ဖြစ်ပါတယ်။ Box Office မှာ ပြန်ရရှိတာကတော့ အမေရိကန်ဒေါ်လာ ၆၂.၆ မီလီယံခန့် ပြန်လည်ရရှိလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အကျဥ်းကတော့ လီဆာနှင့် ကိတ်လို့ အမည်ရတဲ့ ညီအစ်မ နှစ်ဦးသည် ပင်လယ်ကမ်းခြေဆီသို့ ပျော်ပျော်ပါးပါး ခရီးထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ရေငုတ်လှောင်အိမ်ထဲမှာ ငါးမန်းတွေကို လေ့လာဖို့ဆိုပြီး ဆင်းကြည့်လိုက်တဲ့နောက်မှာတော့ အိပ်မက်ဆိုးကြီးတစ်ခု စတင်လာခဲ့ပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ငါးမန်းတွေ အုပ်လိုက်ကြီးက သူတို့နှစ်ယောက်ကို ဝိုင်းထားလို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဘာဆက်ဖြစ်ကြမလဲ…

(၃) Jaws

Source: Rotten Tomatoes Classic Trailers

Amity ဆိုတာကတော့ သာယာအေးချမ်းကာ လှပတဲ့ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ငါးမန်းဖြူတစ်ကောင်သည် ဒေသခံများကို စတင်တိုက်ခိုက်လာတဲ့အခါမှာတော့ ထိုကျွန်းလေးက အရင်လို မလှပနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ ရဲအရာရှိတစ်ဦး၊ ရေအောက် သိပ္ပံပညာရှင်တစ်ဦးနှင့် ငါးဖမ်းသမားတစ်ဦးတို့သည် ထိုငါးမန်းဖြူကို ပူးပေါင်း နှိမ်နင်းဖို့ ဇာတ်လမ်းစရပါတော့တယ်။ သူတို့တွေ အမှန်တကယ်ပဲ နှိမ်နင်းနိုင်ပါ့မလား။

ဒီဇာတ်ကားကတော့ ကမ္ဘာကျော် ဒါရိုက်တာကြီး Steven Spielberg ရိုက်ကူးထားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင် ရိုက်ကူးစရိတ်ကိုတော့ အမေရိကန်ဒေါ်လာ ၇ မီလီယံနှင့် ၉ မီလီယံအကြား အသုံးပြုခဲ့တာဖြစ်ပြီး Box Office မှာ အမေရိကန် ဒေါ်လာ ၄၇၆.၅ မီလီယံခန့် ပြန်လည်ရရှိခဲ့သည်အထိ နာမည်ကြီးခဲ့တာပဲဖြစ်ပါတယ်။ IMDb ၈.၁/၁၀ ရရှိထားတာကြောင့် မကြည့်ရသေးခင် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ တော်တော်ပြန်ရှာယူရပါလိမ့်မယ်။ ကြည့်ချင်တယ်ဆိုရင် Netflix မှာတော့ ရှိပါတယ်။ ဇာတ်ကား ကြည့်ပြီးလို့ ရေကူးကန် ထဲ မဆင်းရဲတော့ရင်တော့ တာဝန်မယူဘူးနော်။

(၄) The Reef

Source: RLJE Films

Luke တစ်ယောက်သည် သူငယ်ချင်းတွေနဲ့အတူတူ လှေငယ်လေးတစ်စီးဖြင့် အင်ဒိုနီးရှားသို့ ရွက်လွှင့်လာခဲ့ပါတယ်။ ရွက်လွှင့်နေတုန်းမှာပဲ သူတို့ရဲ့ လှေငယ်လေးသည် ဇောက်ထိုးမိုးမျှော်တွေဖြစ်ကာ လှေလေး မှောက်သွားပါတော့တယ်။ အသက်ရှင်ဖို့အတွက် အဖွဲ့ထဲက သူငယ်ချင်းအချို့က အနီးနားရှိ ကျွန်းငယ်လေးသို့ ရေကူးသွားမယ်ဆိုပြီး အရဲစွန့်ကာ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ သူတို့ မသိတာကတော့ ငါးမန်းဖြူ အကြီးကြီးတစ်ကောင်က သူတို့နောက်ကို လိုက်နေတယ်ဆိုတာပါပဲ။ နောက်ဆုံးမှာ ဘယ်သူတွေ ရှင်ကျန်ရစ်ခဲ့မလဲ။

(၅) The Shallows

ဒီဇာတ်ကားကတော့ ၂၀၁၆ တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jaume Collet-Serra က အမေရိကန်ဒေါ်လာ ၁၇ မီလီယံ အသုံးပြုကာ ရိုက်ကူးခဲ့ပြီး Box Office မှာ ၁၁၉.၁ မီလီယံ ဒေါ်လာခန့် အမြတ်ရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Sony Pictures Entertainment

ဇာတ်လမ်းရဲ့ အကျဥ်းကတော့ နန်စီတစ်ယောက် လူသူအရောက် အပေါက်နည်းတဲ့ ကမ်းခြေသို့ ခရီးထွက်လာခဲ့ပါတော့တယ်။ သူ့အမေ ကွယ်လွန်သွားတဲ့အတွက်ကြောင့် ဝမ်းနည်းမှုကို ဖြေဖျောက်ဖို့ရန်အတွက် စိတ်ပြေလက်ပျောက် ထွက်လာခဲ့တာပါ။ တစ်ရက်မှာတော့ ဘုတ်ပြားစီးကာ ပင်လယ်ပြင်ပေါ်မှာ ရွက်လွှင့်နေတုန်းမှာပဲ ဧရာမ ငါးမန်းဖြူကြီး တိုက်ခိုက်တာ ခံလိုက်ရပါတော့တယ်။ သူ(မ)ရဲ့ ဘုတ်ပြားလည်း ပျက်စီးသွားပြီး သူ(မ)သည် ကမ်းခြေနှင့် ကိုက် ၂၀၀ အကွာမှာရှိတဲ့ ကျောက်ဆောင်တစ်ခုပေါ်မှာ တင်ကျန်ရစ်ခဲ့ပါတယ်။ ထိုကျောက်ဆောင်ကနေ သူ(မ)သည် ကမ်းခြေဆီသို့ ဘယ်လိုကူးခတ်သွားမလဲ။ ငါးမန်းကြီး ရန်ကနေရော လွတ်မြောက်ပါ့မလား။

သိချင်တယ်ဆိုရင်တော့ The Shallows ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ရှုရင်း ကိုယ်တိုင် အဖြေရှာကြည့်လိုက်ပါ။

Featured Image: The Sun