ကွီးတို့ရေ ခရီးသွားရတာ ပျော်ရွှင် စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ခရီးထွက်ပုံ တစ်ယောက်နဲ့ တစ်ယောက်မတူသော်လည်း ခရီးမှာ အသစ် အသစ်သော အတွေ့အကြုံနဲ့ ခံစားမှုတွေ ရသင့်ပါတယ်။ တစ်ခါတစ်လေ ခရီးသွားအတွေ့အကြုံ မများသေးတဲ့အခါ လည်ပတ်စရာနေရာတွေ ကျန်ခဲ့တာမျိုး၊ ထိုက်သင့်တဲ့ အတွေ့အကြုံတွေ မရရှိတာမျိုး ဖြစ်နိုင်ပါတယ်။ ခရီးတစ်ခု ထွက်ရင် ပိုမို ပျော်ရွှင်ပြီး အမှတ်တရ အတွေ့အကြုံတွေ အများကြီးရဖို့ ပြုလုပ်သင့်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ခရီးထွက်ရင် သေချာပေါက် လုပ်ကြည့်ရမယ့် အရာလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။
အများသုံး သယ်ယူပို့ဆောင်ရေးကို သုံးကြည့်ပါ
Photo : UCLA Transportation
ကွီးတို့ရေ ခရီးထွက်ရင် ကိုယ်သွားရောက်ရာ နေရာဒေသရဲ့ ဒေသခံတွေ အသုံးပြုတဲ့ အများသုံး သယ်ယူပို့ဆောင်ရေးကို သုံးကြည့်ပါ။ ဒီလို အသုံးပြုခြင်းအားဖြင့် လည်ပတ်တဲ့ နေရာဒေသရဲ့ အကြောင်းနဲ့ ဒေသခံများရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝကိုလည်း လေ့လာပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် အတွေ့အကြုံ အသစ်အဆန်းလည်း ရနိုင်သလို၊ သွားလာလည်ပတ်ရေး ကုန်ကျစရိတ်ကိုလည်း ချွေတာပြီးသား ဖြစ်စေပါတယ်။ ဒေသခံများနဲ့လည်း ထိတွေ့နိုင်တဲ့ အခွင့်အရေးကိုလည်း ရရှိနိုင်ပါတယ်။
အခိုက်အတန့်တိုင်းကို မှတ်တမ်းတင်ပါ
Photo : Get Your Guide
ပျော်ရွှင်တဲ့ အခိုက်အတန့်လေးတွေ ဘဝရဲ့ အတွေ့အကြုံလေးတွေကို တည်မြဲနေဖို့ဆိုရင် ဓာတ်ပုံမှတ်တမ်းတင်ထား လိုက်ပါ။ တစ်ချိန်မှာ အမှတ်တရကောင်းလေးတွေ ဖြစ်လာမယ့် ခရီးသွား အတွေ့အကြုံတွေကို ဓာတ်ပုံရိုက်ထားဖို့ မမေ့ပါနဲ့။
ဒေသအစားအစာတွေကို မြည်းစမ်းကြည့်ပါ
Photo : Insider
ပြည်တွင်းကို ဖြစ်စေ၊ ပြည်ပကို ဖြစ်စေ ခရီးသွားတဲ့အခါ ထိုဒေသရဲ့ အစားအစာတွေကို မြည်းစမ်းကြည့်ဖို့ မမေ့ပါနဲ့။ ကွီးတို့အနေနဲ့ ဒေသခံများထံမှ စားသောက်ဆိုင်တွေ၊ စမ်းကြည့်သင့်တဲ့ အစားအစာတွေကို ဝေမျှပေးဖို့ တောင်းဆိုပါ။ အစားအစာအသစ်တွေကို မြည်းစမ်းရင်း ထိုဒေသရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့တွေကိုပါ တစ်ပါတည်း လေ့လာနိုင်ပါတယ်။
စိန်ခေါ်မှုလေးတွေ ပြုလုပ်ပါ
Photo : Let’s do This
ခရီးထွက်ရင်း စိန်ခေါ်မှုလေးတွေ ပြုလုပ်ရတာလည်း ကွီးတို့ကို စိတ်လှုပ်ရှားရင်ခုန်မှုလေးတွေ ပေးစွမ်းနိုင်ပါတယ်။ ထိုဒေသမှာ ဘယ်လိုမျိုး စွန့်စားခန်းလေးတွေ ပြုလုပ်နိုင်သလဲဆိုတာ လေ့လာပြီး စိန်ခေါ်ကြည့်ပါ။ ဥပမာအားဖြင့် တောင်တတ်တာ၊ ရေလွှာလျှောစီးတာ၊ မီးပုံးပျံစီးတာ စတဲ့ ဒေသအလိုက် လှုပ်ရှားမှုလေးတွေကို စိန်ခေါ်ကြည့်ပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ဒေသခံများနဲ့ စကားပြောဖို့ ကြိုးစားကြည့်ပါ။ အသစ်အသစ်သော အရာလေးတွေကို စိန်ခေါ်ပြီး ပြုလုပ်ကြည့်ဖို့ မမေ့ပါနဲ့။
အထင်ကရနေရာများကို ရောက်အောင်သွားပါ
Photo : TripSavvy
ကွီးတို့ ခရီးထွက်တဲ့နေရာဒေသရဲ့ အထင်ကရနေရာတွေ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေကိုလည်း သွားရောက်လည်ပတ်ခဲ့ပါ။ တစ်ခါတစ်လေ ဒေသခံများကို မေးမြန်းပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေကိုလည်း လေ့လာနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ ဒေသဈေးကို သွားရောက်ကြည့်ဖို့ပါပဲ။
အခုဖော်ပြပေးလိုက်တာတော့ ကွီးတို့ ခရီးထွက်ရင် သေချာပေါက် ပြုလုပ်ကြည့်သင့်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။ ဒီအရာလေးတွေကို ပြုလုပ်ရင်း ကွီးတို့ရဲ့ ခရီးစဉ်ကို ပိုမိုပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ကောင်းစေသလို အမှတ်တရတွေ အများကြီးကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Source : G Adventures
Featured Photo : TAJ Travel