ဒီဆောင်းပါးလေး မဖတ်ခင်မှာ ကွီးတို့အရင်ဆုံး လုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ထိုအရာကတော့ မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် သွားပြန်ကြည့်ရမှာပဲဖြစ်ပါတယ်။ မှန်ထဲမှာ ကြည့်လိုက်တဲ့ ရုပ်က ဘယ်လိုဖြစ်နေပါသလဲ။ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလေးနဲ့ ဆော်ကြည်စရာရုပ်လေးလား၊ ဒါမှမဟုတ် ယားနာတွေက လာထား အာဘွား ပေးချင်စရာ ရုပ်လား။
ကွီးတို့ ဆံပင်က ငှက်သိုက်လို ရှုပ်ပွနေမယ်၊ မျက်နှာကလည်း အဆီအလိမ်းလိမ်း ပြန်နေပြီး သွားမှာလည်း သွားချေးတွေ အထပ်ထပ်နဲ့ ညစ်ညစ်ပတ်ပတ်ပုံစံပေါက်နေရင်တော့ သေချာပါတယ်။ ကွီးတို့က SKB (လုံးဝ) မဖြစ်နိုင်ပါဘူး။ ရှော်တီလေးတွေ ဝိုင်းဝိုင်းမလည်ဘဲ ယားနာတွေ ဝိုင်းဝိုင်းလည်နေမှာပါ။
ယားနာတွေ ဝိုင်းဝိုင်းမလည်ချင်ဘူး၊ ရှော်တီလေးတွေပဲ ဝိုင်းဝိုင်းလည်တာ ခံချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်တွေကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိပါ
ကွီးတို့ရေ… တစ်နေ့ကို ရေ ဘယ်နှကြိမ်လောက် ချိုးပါသလဲ။
မချိုးဘူးဆိုရင်တော့ တစ်နေ့ တစ်ကြိမ်ကတော့ ပုံမှန်ချိုးရမှာပါပဲ။ ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် ရေချိုးလို့ မရရင်တော့ တစ်မျိုးပေါ့။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ရဲ့သားနဲ့ သပ်သပ်အပျင်းတစ်ပြီး ရေမချိုးရင်တော့ ရှော့ရှိသွားပါပြီ။ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိဘူးဆိုရင်တော့ ကွီးတို့အနံ့အသက်က အနံ့တထောင်းထောင်းနဲ့ ဘယ်သူမှ အနားကပ်ချင်မှာမဟုတ်ပါဘူး။
လက်သည်း ခြေသည်းများ ရှည်နေလျှင် ညှပ်ပါ
ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးကတော့ လက်သည်း ခြေသည်းများကို ကြေးမဝင်ခင်ကတည်းက ညှပ်ထားခြင်းပဲဖြစ်ပါတယ်။ ကွီးတို့က ကျားကျားလျားလျား ယောကျာ်းသားပဲ လက်သည်းအရှည်၊ ခြေသည်းအရှည် ဘာလို့ထားမှာတုန်း။ မိန်းကလေးလိုမျိုး လက်သည်းနီ၊ ခြေသည်းနီဆိုးပြီး ပဲထုတ်စရာမလိုသရွေ့တော့ လက်သည်း ခြေသည်းများကို တိုတိုတိတိ ညှပ်ထားတာအကောင်းဆုံးပါပဲ။
ခေါင်းလျှော်ဖို့လည်း မမေ့ပါနဲ့
ကွီးတို့ခေါင်းက ငှက်သိုက်လိုမျိုး ရှုပ်ပွထနေရင်တော့ အမြန်ဆုံး ခေါင်းသွားဖြီးလိုက်ပါ။ ကွီးတို့ခေါင်းကို ကွီးတို့ ပြန်နမ်းရှုံ့ကြည့်လို့ရမယ်ဆိုရင် နမ်းရှုံ့ချင်ပါသလား။ အဖြေက နိုးဆိုရင်တော့ ခေါင်းမလျှော်ရသေးလို့ပဲဖြစ်ပါလိမ့်မယ်။ ခေါင်းလျှော်ဖို့လည်း လိုအပ်ပါတယ်။ ခေါင်းမလျှော်ဘဲ ညစ်တီးညစ်ပတ်နေမယ်ဆိုရင်တော့ ဒီတစ်သက်တော့ ဆော်ရမှာမဟုတ်ပါဘူး။
လက်များကို စင်ကြယ်အောင် ထားပါ
ရေအိမ်ကို အသုံးပြုပြီးတိုင်း လက်ဆေးပါ။ အပြင်က ပြန်လာတိုင်း လက်ဆေးပါ။ အစား စားခါနီးတိုင်း လက်ဆေးပါ။ ဒီအချက်တွေကတော့ ကွီးတို့ မဖြစ်မနေလိုက်နာသင့်တဲ့ အချက်တစ်ခုပါပဲ။ နို့မဟုတ်ရင်တော့ ဝမ်းရောဂါနဲ့ ကိုရိုနာဗိုင်းရပ်က ကွီးတို့ကို အာဘွားပေးသွားရုံမက၊ ကွီးတို့ကို ချစ်လွန်းလို့ ကွီးတို့ကို အပိုင်သိမ်းသွားပါလိမ့်မယ်။
သွားကျန်းမာရေးသည်လည်း တစ်ကိုယ်ရည် သန့်ရှင်းရေးထဲ ပါဝင်ပါတယ်
တစ်နေ့ကို ဘယ်နှကြိမ်လောက် သွားတိုက်ပါသလဲ။ (မနက်တစ်ကြိမ် သွားတိုက်ရင်တောင် ကံကောင်းဗျာ)
တစ်နေ့ကို မနက် အိပ်ရာထ တစ်ကြိမ်၊ ည အိပ်ရာ ဝင်ခါနီးတစ်ကြိမ် သွားတိုက်ရမယ်ဆိုတာတော့ သိကြပါတယ်။ ဒါပေမဲ့ သေသေချာချာ လိုက်လုပ်တဲ့သူကတော့ ရှားပါတယ်။ ကွီးတို့က ပုံမှန်သွားမတိုက်ရင်တော့ သွားရောဂါနဲ့ ပတ်သက်တဲ့ ဝေဒနာများကို ခံစားရရုံမက ခံတွင်းနံ့ပါ နံ့စော်နေမှာပါ။ အဲ့တာဆိုရင်တော့ ရှော်တီလေးတွေနဲ့ ကစ်ဆင်မဆွဲရပဲနေပါလိမ့်မယ်။
တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းရတဲ့အခါ ဘာဖြစ်နိုင်သလဲ။
တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းမယ်ဆိုရင်တော့ ယားနာတွေက ကွီးတို့ကို လာထား အာဘွား တွေ တစ်ပြုံလိုက်ကြီး ပေးမှာပါ။ ဒါ့အပြင် ခြေထောက်မှာ သဲဝဲစားမယ်၊ ခေါင်းမှာ သန်းတွေ ပျော်မြူးရာ အသိုက်အမြုံဖြစ်လာမယ်၊ သွားပိုးစားမယ်၊ ယားနာတွေ ပေါက်မယ် အစရှိတဲ့ ဆိုးကျိုးများကို ခံစားရမှာပဲဖြစ်ပါတယ်။
Featured Image: Freepik