OnePlus ကနေ Ace စီးရီးရဲ့အဖွဲ့ဝင်အသစ်ဖြစ်တဲ့ Ace 2 Pro ကို တရုတ်နိုင်ငံအတွင်း လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ OnePlus Ace 2 Pro ဟာ ယခင်ထွက်ရှိထားတဲ့ OnePlus Ace 2 နဲ့ ဒီဇိုင်းပိုင်း ဆင်တူမယ်လို့ မျှော်လင့်ရပြီး မိတ်ဆက်ပွဲမတိုင်မီ ကုမ္ပဏီဘက်ကနေ စမတ်ဖုန်းအသစ်ရဲ့အဓိက Specs အချို့ကို Weibo မှာ ချပြလာပါတယ်။ မကြာသေးမီက ထုတ်ပြန်လာတဲ့ ကြေညာချက်တစ်ခုအရ OnePlus Ace 2 Pro ဖုန်းဟာ 24GB LPDDR5X RAM ပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း အဖြစ် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး 1TB UFS 4.0 Flash Storage ပါဝင်လာမယ်လို့ သိရပါတယ်။

OnePlus Ace 2 Pro

Photo : Gizmochina

RAM ကို SK Hynix ကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ OnePlus ရဲ့အဆိုအရတော့ Ace 2 Pro ဖုန်းမှာ “Memory Gene Recombination” နည်းပညာကို အသုံးပြုထားမှာ ဖြစ်တဲ့အတွက် Memory Usage နဲ့ Data ဖတ်နိုင်တဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာ ပိုမိုထိရောက်မြန်ဆန်မယ်လို့ ကတိပေးထားပြီး Background Apps ၄၁ ခုကို ၇၂ နာရီကြာ Run နိုင်မယ်လို့ ပြောထားပါတယ်။

နောက်ထပ်ထူးခြားတဲ့ Specs တွေအနေနဲ့ကတော့ OnePlus Ace 2 Pro စမတ်ဖုန်းမှာ စွမ်းဆောင်ရည်မြင့် Snapdragon 8 Gen 2 SoC မောင်းနှင်ထားမှာဖြစ်ပြီး HDR10+ နဲ့ 450 ppi Density ထောက်ပံ့ထားတဲ့ ၆.၇၄ လက်မ 120Hz 1.5K OLED မျက်နှာပြင် ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာတော့ Android 13 ကိုအသုံးပြုထားပြီး RAM 24GB ၊ 12GB နဲ့ 16GB  ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး 150W GaN Charger ကို အသုံးပြုကာ ၁၇ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 5000mAh ဘက်ထရီ ပါဝင်လာမယ်လို့ သိရပါတယ်။ ဖုန်းရဲ့အရောင်တွေအနေနဲ့ကတော့ Cyan နဲ့ Grey ဆိုပြီး အရောင်၂ မျိုးနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။

OnePlus Ace 2 Pro

Photo : Gizmochina

OnePlus Ace 2 Pro ကို မိတ်ဆက်ဖို့ ရက်ပိုင်းသာ ကျန်တော့အတွက်တော့ မကြာမီအချိန်အတွင်း စမတ်ဖုန်း ရဲ့ နောက်ထပ်စိတ်ဝင်စားစရာ Features အသစ်တွေကို ကြေညာလာဖို့ရှိနေတဲ့အတွက် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ယခင် ZTE ရဲ့ Brand အခွဲ Nubia အမှတ်တံဆိပ်ကလည်း 24GB RAM /1TB Storage ပါတဲ့ RedMagic 8S Pro+ ကို မိတ်ဆက်ခဲ့ဖူးပေမယ့် ရောင်းချခြင်းမရှိခဲ့သလို အခုလက်ရှိမှာ OnePlus အပြင် Realme ကလည်း 24GB RAM ပါတဲ့ စမတ်ဖုန်းကို ရောင်းချဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Featured Photo : Gadgets 360