ချစ်သူရည်းစားအချင်းချင်း သဘောထားချင်း မတိုက်ဆိုင်တော့ရင်၊ အတူတူ ဆက်လက်ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့ရင် လမ်းခွဲလိုက်ကြပါတယ်။ လမ်းခွဲ ပြီးနောက်မှာ တချို့တွေက ငါ လမ်းခွဲလိုက်တာက မှန် ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်ကာ မေးခွန်းပြန်ထုတ်တတ်ကြပါတယ်။ ဘယ်လိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးခွန်းမျိုး ပြန်မေးတတ်သလဲ။
တစ်ယောက်တည်း အထီးကျန်ကာ ဝမ်းနည်းတတ်တဲ့အချိန်မျိုးမှာ မေးခွန်းထုတ်တတ်ကြပါတယ်။
ဝမ်းနည်းနေရခြင်းက သင့်ရဲ့ ဆုံးဖြတ်ချက်မှားနေကြောင်း ဖော်ပြနေတာမဟုတ်ပါဘူး
လမ်းခွဲပြီးနောက် ဝမ်းခွဲတာကတော့ လူတိုင်း ကြုံတွေ့ရတဲ့ ခံစားချက်တစ်ခုပါပဲ။ ဝမ်းနည်းနေလို့ဆိုပြီး ကွီးတို့ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းသွားတာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူနဲ့ အချိန်တစ်ခုကြာအောင် လက်တွဲပြီးမှ လမ်းခွဲလိုက်ရတာဆိုတော့ ဝမ်းမနည်းနေတာကမှ ထူးဆန်းတာပါ။ အကြောင်းတိုက်ဆိုင်ရင် သတိရသွားတာမျိုးကိုလည်း ခံစားရမှာ အမှန်ပါပဲ။ ဒါပေမဲ့ ထိုဝမ်းနည်းခြင်းသည်လည်း အခြေအနေတစ်ခုကို ကျော်လွန်သွားတဲ့နောက်မှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။
တချို့ကလည်း လမ်းခွဲမယ့်အစား အပေအတေခံပြီး စိတ်အထိခိုက်ခံကာ ဆက်တွဲပါတယ်။ ဘာ့ကြောင့် ဒီလိုမျိုး စိတ်ဒုက္ခခံကာ ဆက်တွဲရတာလဲ။
အတွေ့အကြုံသစ်တွေကို ခံစားရမှာ ကြောက်နေလို့
ဟုတ်ပါတယ်။ ကွီးတို့သည် တစ်ယောက်တည်း အထီးကျန်နေခဲ့မယ့် ခံစားချက်ကို ကြောက်နေတာ၊ ထပ်ချစ်ရင်လည်း ဒီလိုပဲ ထပ်ဖြစ်မယ်ဆိုပြီး တစ်ထစ်ချယုံကြည်ထားပြီး ကြောက်နေတာ။ အဲ့ဒါကြောင့်မလို့ တချို့တွေသည် ကိုယ့်ရဲ့ စိတ်ကို ဒုက္ခပေးကာ တစ်ဖက်က လူကို ဆက်တွဲနေတာပဲဖြစ်ပါတယ်။ ဒီလိုဆက်တွဲနေမယ်ဆိုရင်တော့ ကွီးတို့စိတ်သည် တစ်သက်လုံး အကျဥ်းကျကာ လွတ်မြောက်နိုင်မှာမဟုတ်တော့ပါဘူး။
လက်မတွဲသင့်တဲ့သူနဲ့ လက်တွဲဖြုတ်လိုက်ခြင်းအားဖြင့် ကွီးတို့ ခံစားရမယ့် အကျိုးကျေးဇူးတွေက များပါတယ်။ အခုဖော်ပြပေးမယ့်အရာတွေကို ကြုံတွေ့ခံစားနေရတယ်ဆိုရင်တော့ ကွီးတို့ လမ်းခွဲ လိုက်ခြင်းသည် မှန် ကန်တဲ့ လုပ်ရပ်တစ်ခုလို့ ဆိုရမှာပါပဲ။
လွတ်လွတ်လပ်လပ်နေရမယ်
ကွီးတို့ တွေ့ချင်တဲ့ ဘော်ဒါတွေ အပေါင်းအဖော်တွေနဲ့ လွတ်လွတ်လပ်လပ် သွားတွေ့လို့ရမယ်။ စိတ်ရှိလက်ရှိ ပျော်ပါးနိုင်မယ်။ ကိုယ့်ရဲ့ ဘဝကြိးကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ စသည်ဖြင့် ချုပ်ကိုင်ခြယ်လှယ်မယ့်သူမျိုး မရှိတော့တဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ပျော်ပါးနေရတဲ့ ခံစားချက်ကို ခံစားရမှာပြဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လျော့ပါး ပျောက်ကွယ်သွားမယ်
တချို့တွေက သူတစ်ပါးကို အပြစ်ဖို့တဲ့နေရာမှာ ဆရာကျပါတယ်။ ငါ အခုလို စိတ်ဆင်းရဲနေရတာ နင့်ကြောင့်၊ နင်က ငါ့ကို ဘာမှ မဖြည့်ဆည်းပေးနိုင်လို့၊ နင် အသုံးမကျလို့ စသည်ဖြင့် တစ်ဖက်သားကို အပြစ်ဖို့တာတွေ ရှိတတ်ပါတယ်။ ဒါသည် တစ်ဖက်သားကို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ သမီးရည်းစား ဆက်ဆံရေးမှာ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ကြုံတွေ့နေရပြီဆိုရင် မြန်မြန်လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ လမ်းခွဲလိုက်မှသာလျှင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ လျော့ပါး ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာမယ်
သူနဲ့ ဆက်လက်တွဲနေမယ်ဆိုရင် သူ့ကို ဦးစားပေးရတဲ့အတွက်ကြောင့် ကိုယ့်အတွက်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့စိတ်လည်း ပျောက်ကွယ်သွားတတ်ပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ် ဆိုတဲ့ ဖြစ်တည်မှုကြီးက ပျောက်သွားပြီး ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်မှာ မဟုတ်တော့ပါဘူး။ အဲ့ဒီလို အဆိပ်အတောက်ဆန်တဲ့ ဆက်ဆံရေးကနေ ရုန်းထွက်နိုင်မယ်ဆိုရင်တော့ ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာမှာပဲ ဖြစ်ပါတယ်။
အချစ်စစ် အချစ်မှန်နဲ့ ချစ်မယ့်သူကို ပိုင်ဆိုင်ရမယ်
ကိုယ့်ကို အချစ်စစ် အချစ်မှန်တဲ့ ချစ်တဲ့သူကတော့ ကွီးတို့ကို အနိုင်ကျင့်မှာမဟုတ်ပါဘူး။ ကွီးတို့ကို ဂရုစိုက်မယ်၊ သူ့အတွက် သူမကြည့်ဘဲ ကွီးတို့အတွက် စဥ်းစားပေးမယ်။ ဒီလိုမျိုး တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စဥ်းစားပေးတတ်တဲ့ အချစ်ကသာလျှင် စစ်မှန်တဲ့ အချစ်တစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့ရော လမ်းခွဲပြီးနောက်မှာ စစ်မှန်တဲ့ အချစ်စစ် အချစ်မှန်နဲ့ ရှာတွေ့သွားပြီလား။
Source: Mindbodygreen
Featured Image: Freepik