အများစုကတော့ အသီးအနှံတွေ စားတဲ့အခါ အခွံတွေကို အမှိုက်ပုံးထဲ စွန့်ပစ်ကြတာ များပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ အသီးအနှံ အခွံတွေကို လွယ်လွယ်ကူကူ စွန့်ပစ်ချင်တော့မှာ မဟုတ်ပါဘူး။ ဘာလို့ဆို အခွံတွေဟာ ကျွန်တော်တို့ရဲ့ အလှပဆိုင်ရာနဲ့ အသားအရေ ကျန်းမာရေးအတွက် အများကြီး အကျိုးပြုနိုင်တဲ့ သဘာဝ ပစ္စည်းတွေ ဖြစ်နေနိုင်လို့ပါပဲ။ ကဲဒါဆို ဘယ်လို အခွံတွေ က အသားအရေ နုပျိုကျန်းမာပြီး အလှတိုးစေဖို့ ကူညီပေးမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) ငှက်ပျောသီးအခွံ

banana Peels

Photo : Tasting Table

ငှက်ပျောသီး အခွံတွေ ကို ဒီအတိုင်း လွှတ်ပစ်နေတုန်းလား။ ကုန်ကျစရိတ်အရမ်းများတဲ့ သွားဖြူကုထုံးတွေ ခံယူနေမယ့်အစား ငှက်ပျော အခွံတွေ ကို အသုံးပြုပြီး သွားဖြူအောင် လုပ်လို့ရပါတယ်။ ငှက်ပျော အခွံရဲ့အတွင်းဘက်နဲ့ သွားတွေကို ပွတ်တိုက်ပေးမယ်ဆိုရင် သဘာဝအတိုင်း သွားလေးတွေ ဖြူဝင်လားစေမှာ ဖြစ်ပါတယ်။

(၂) အာလူးအခွံ

Potato Peels

Photo : MyRecipes

အလှအပနဲ့ အသားအရေ ကျန်းမာရေးအတွက်ဆို အာလူး အခွံတွေ ကအတော်လေး လူသိများ နာမည်ကြီးပါတယ်။ အာလူးအခွံကို မျက်နှာအရေပြားပေါ် ညင်သာစွာ ပွတ်လိမ်းပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင်တော့ ရေအေးနဲ့မျက်နှာသစ်လိုက်လို့ ရပါပြီ။ နေလောင်တာကို သက်သာစေနိုင်သလို အသားအရေ ကို ပြန်လည် ကြည်လင်ဝင်းပစေကာ ဝက်ခြံ ၊ အဆီပြန်ခြင်းနဲ့ အမဲစက်ပြဿနာတွေ ထိထိရောက်ရောက် လျော့ချနိုင်မှာ ဖြစ်ပါတယ်။

(၃) ဖရဲသီးအခွံ

Watermelon

Photo : Utopia.org

ဖရဲသီးစားပြီးရင် ကျန်တဲ့ အခွံရဲ့ အတွင်းဘက်က အဖြူရောင် အပိုင်းနဲ့ မျက်နှာနဲ့ လည်ပင်းတဝိုက်က အသားအရေ  ကို ပွတ်လိမ်းနိုင်ပါတယ်။ ဖရဲသီး အခွံတွေ က အသားအရေကို သဘာဝအတိုင်း သန့်စင်ပေးတဲ့အပြင် အသားအရေ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။ ထိရောက်တဲ့ ရလဒ်ရဖို့ ဒီနည်းလမ်းကို နေ့တိုင်း သို့မဟုတ် မကြာခဏ ပြုလုပ်နိုင်ပါတယ်။

(၄) ပန်းသီးအခွံ

apple peel
Photo : Eat This Not That

ပန်းသီး အခွံတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးပြီး နုပျိုကျန်းမာတဲ့ အသားအရေကို ရရှိစေမယ့်ဓာတ်တိုးဆန့်ကျင်ပစ္စည်း Polyphenols ဓာတ်တွေ ပါဝင်သည်။ ဗီတာမင် C ဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ ပန်းသီးအခွံကို အခြောက်ခံ အမှုန့်ကြိတ်ပြီး Butter Milk နဲ့ ရောစပ်ကာ မျက်နှာနဲ့ လည်ပင်းတဝိုက် အသားအရေကို လိမ်းပေးနိုင်ပါတယ်။ ၂၅ မိနစ်ခန့် ထားပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပါ။ ကြည်လင်ဝင်းပပြီး နုပျိုလန်းဆန်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၅) သင်္ဘောသီးအခွံ

Papaya Peel

Photo : TipBuzz

အသားအရေကို ကြည်လင်စေပြီး အမဲစက်တွေ ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံး အိမ်တွင်းကုထုံးနည်းလမ်းကတော့ သင်္ဘောသီး အခွံတွေ ပါပဲ။ သင်္ဘောသီးမှည့်အခွံ လက်တစ်ဆုပ်စာ ၊ ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သံပုရာရည် ၁ ဇွန်းတို့ကို ကြိတ်စက်ထဲမှာ ရောထည့်ပြီး ကျေညှက်အောင် ကြိတ်လိုက်ပါ။ ရလာတဲ့ အရောအစပ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ဆေးချပါ။ သဘာဝအတိုင်း ကြည်လင်းဝင်းပပြီး ဝက်ခြံနဲ့ အမဲစက်ကင်းရှင်းတဲ့ မျက်နှာလေးကို ရပါလိမ့်မယ်။

Featured Photo : Cookist