vivo ကတော့ Y77t လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်း အသစ်ကို ဒီကနေ့ တရုတ်နိုင်ငံမှာ စတင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ vivo Y77t ဖုန်းမှာ Dimensity 7020 Chipset မောင်းနှင်ထားပြီး 50 MP Main ကင်မရာနဲ့ အရွယ်အစားကြီးမားတဲ့ ဘက်ထရီတို့ ပါဝင်ပါတယ်။ ဒီ Specs တွေအားလုံးဟာ ယခင်ထွက်ရှိထားတဲ့ vivo Y78 ဖုန်းနဲ့ တထပ်တည်းတူနေပြီး Y78 နဲ့အဓိကကွဲပြားစေတဲ့ တစ်ခုတည်းသော အချက်က Y77t ဖုန်းက 256 GB Base Storage နဲ့ လာတာပါ။

vivo Y77t

Photo : GSMArena.com

vivo Y77t ရဲ့ မျက်နှာပြင်ကတော့ ၆.၆၄ လက် Full HD+ Resolution LCD ကိုတပ်ဆင်ထားပြီး 120 Hz Refresh Rate အထိ ထောက်ပံ့ပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်မှာ 8MP ကင်မရာထည့်သွင်းထားတဲ့ အလယ်ဗဟိုမှာ Punch Hole တစ်ခုပါရှိပါတယ်။ ကျောဘက်က Dual Shooters တွေအနေနဲ့ 50 MP Main နဲ့ 2 MP ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 44W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။

vivo အနေနဲ့ နာမည်သာကွဲပြီး ကျန်တာအားလုံးနီးပါး တထပ်တည်းတူနေတဲ့ ဖုန်း ၂ လုံးကို ဈေးကွက်ထဲ ဘာကြောင့်ဖြန့်ချီလဲဆိုတာ အတော်လေးစဉ်းစားစရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ပြောရရင် vivo Y78 နဲ့ vivo Y77t ဖုန်း ၂ လုံးရဲ့ Promo Pages တွေကအစ အတူတူပါပဲ။ ဒါပေမယ့် vivo Y77t က vivo Y78 ထက် ပိုပြီး ဈေးသက်သာတယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် Y78+ နဲ့ နှိုင်းယှဉ်ပါက ပိုပြီးစျေးသက်သက်သာသာနဲ့ ဖန်တီးထားတဲ့ Y77t ကို လူတွေ ဝယ်ဖြစ်အောင် ဆွဲဆောင်ထားတဲ့ မားကတ်တင်းလှည့်ကွက်တစ်ခု ဖြစ်နိုင်ပါတယ်။

vivo Y77t

Photo : Gadgets 360

vivo Y77t ဖုန်းကို Phoenix Gold ၊ Black နဲ့ Jade Green ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ 8/256 GB ဗားရှင်းအတွက် ယွမ် ၁,၃၉၉ (ဒေါ်လာ ၁၉၀ / ယူရို ၁၇၅) ကျသင့်မှာ ဖြစ်ပြီး 12/256 GB ဗားရှင်းအတွက်ကိုတော့ ယွမ် ၁,၅၉၉ (ဒေါ်လာ ၂၂၀ / ယူရို ၂၀၀) ခန့် ကျသင့်မယ်လို့ သိရပါတယ်။ ဒီဈေးနှုန်းထားအရ vivo Y78 ဖုန်းဟာ Y77t ထက် ယွမ် ၃၀၀ (ဒေါ်လာ ၄၀) ခန့် ဈေးပိုများပါတယ်။ ဒါကြောင့် vivo Y78 နဲ့ အားလုံးနီးပါးလည်းတူမယ် ဈေးပိုသက်သာတာလည်း ရွေးချင်တယ်ဆိုရင်တော့ vivo Y77t ဖုန်းကို ရွေးချယ်နိုင်ပါတယ်။

Featured Photo : GSMArena.com