လူနှစ်ဦး ချစ်ခြင်းကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေး တစ်ခုမှာ ဘယ်သူမဆို ပျော်ရွှင်စရာတွေ၊ ကြည်နူးမှုတွေနဲ့ ပြည့်နှက်နေတာပဲ လိုချင်ကြမှာပါ။ သို့သော်လည်း လူတစ်ယောက်နဲ့ တစ်ယောက် ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ ကြီးပြင်းလာပုံတွေ၊ နားလည်မှုတွေ မတူညီကြတဲ့အခါ အချိန်အတိုင်းအတာတစ်ခုရောက်ရင် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် အချင်းချင်း စိတ်ဆင်းရဲစရာတွေ၊ အဆင်မပြေမှုတွေ ပေးနေသလိုဖြစ်ပြီး အချို့သော သမီးရည်းစားဆက်ဆံရေးတွေမှာ Toxic Relationship ထဲကို ရောက်မှန်းမသိရောက်နေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ အတွက် Toxic Relationship တွေမှာ ရင်ဆိုင်ရလေ့ရှိတဲ့ လက္ခဏာတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ယုံကြည်မှုများ ယိုယွင်းလာခြင်း

ကွီးတို့ Toxic Relationship

Photo : LifeHacker
သမီးရည်းစားဆက်ဆံရေးဆိုတာ တစိမ်းနှစ်ယောက် ချစ်ခြင်းကို အခြေတည်ပြီး တည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုပါ။ ဒီလို ဆက်ဆံရေးမှာ တည်မြဲစေဖို့၊ သာယာစေဖို့ဆိုရင်တော့ ချစ်ခြင်းတစ်ခုတည်းနဲ့ တည်ဆောက်လို့ မရတော့ပါဘူး။ Relationship တစ်ခုမှာ အရေးအကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုဆိုတာ လိုအပ်လာပါတယ်။ ယုံကြည်မှုမရှိတော့တာ ဒါမှမဟုတ် အစောကတည်းက ယုံကြည်မှုကို မတည်ဆောက်ထားတာမျိုးဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သံသယတွေနဲ့ စကားများတာ၊ နားလည်မပေးနိုင်တာ၊ သဝန်တိုတာ ဒါတွေ ဆက်ပြီး ဖြစ်လာနိုင်ပါတယ်။ ယုံကြည်မှုများ ယိုယွင်းလာပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာခြင်းက Toxic Relationship ရဲ့ အစပါပဲ။

တင်းမာသော ဆက်ဆံရေး

ကွီးတို့ Toxic Relationship

Photo : Modern Intimacy
Relationship အစပိုင်းမှာတော့ ချစ်ကြတယ်၊ အချိန်နည်းနည်းကြာလာတာနဲ့ အမျှ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ လျော့နည်းလာပြီး ဆက်ဆံရေးတွေ တင်းမာလာတာ၊ ထိုကတစ်ဆင့်မှ ဆက်ဆံရေးတွေ ပျက်စီးသွားတာမျိုး ကွီးတို့ ပတ်ဝန်းကျင်မှာ မြင်ဖူးကြားဖူးကြမှာပါ။ ဒီထက်ဆိုးတာကတော့ အချိန်ကြာလာတာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် စိတ်မရှည်တော့တာ၊ နားလည်မှုတွေ လျော့နည်းလာပြီး စကားများတာ၊ ရန်ဖြစ်တာ၊ လက်ပါတာ၊ ဒေါသအလျောက် ပစ္စည်းတွေ ‌လွှင့်ပစ်တာ၊ အကျပ်ကိုင်တာ စတာတွေ ရင်ဆိုင်နေရရင် Toxic Relationship ထဲကို ရောက်မှန်းမသိရောက်နေတာပါ။

သဝန်တိုလွန်းခြင်း

Photo : Better Humans
သမီးရည်းစား ဆက်ဆံရေးမှာ တစ်ယောက်နဲ့ တစ်ယောက် သဝန်တိုတဲ့ အခြေအနေလေးတွေက ချစ်ဖို့ကောင်းပြီး ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သို့သော်လည်း အလွန်အကျွံဖြစ်လာရင်တော့ ချစ်ခြင်းထက်ကျော်လွန်ပြီး အဆိပ်အတောက် ဖြစ်လာနိုင်ပါတယ်။ အမျိုးသားဘက်ကဖြစ်ဖြစ်၊ အမျိုးသမီးဘက်ကဖြစ်ဖြစ် အရာရာကို သံသယဖြစ်ကာ မယုံသင်္ကာစိတ်နဲ့ သဝန်တိုလွန်းပြီး ထိန်းချုပ်တာဟာ ဘယ်လောက်ပဲချစ်လို့ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦးကြားထဲမှာ မကြာခဏပြဿနာတတ်တာ၊ ရန်ဖြစ်တာ စသည်တို့ ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာရင် ဒီဆက်ဆံရေးမှာ ဘယ်လိုမှ ပျော်နိုင်မှာ မဟုတ်ပါဘူး။

ချုပ်ချယ်လွန်းခြင်း

Photo : Develop Attraction
တစ်ခါတစ်လေမှာ အရမ်းချစ်လွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်ချစ်ရသူကို ချုပ်ချယ်မိတတ်ပါတယ်။ ဒါက တကယ်တော့ ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကိုယ်က ချုပ်ချယ်ခံရတာပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို ချုပ်ချယ်တာပဲဖြစ်ဖြစ် ဘယ်လိုမှ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးဖြစ်လာမှာ မဟုတ်ပါဘူး။ ချုပ်ချယ်ခံရသူအနေနဲ့လည်း ကြာလာရင်စိတ်ပျက်လာပြီး Relationship ကို အဆုံးသတ်သွားနိုင်ပါတယ်။

ကွီးတို့ရေ ဒါတွေကိုသာမက တစ်ယောက်နဲ့ တစ်ယောက် အလေးမထားတာ၊ လေးစားမှုမရှိတာ၊ လိမ်လည်တာ စတာတွေ ရင်ဆိုင်နေရရင် ကွီးတို့ က Toxic Relationship ထဲရောက်နေပါ။ ဒီလို အခြေအနေမျိုးမှာ ဘယ်လိုမျိုး ပြန်လည်တည်ဆောက်မလဲ ဒါမှမဟုတ် အဆုံးသတ်မလားဆိုတာတော့ ကွီးတို့ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ Toxic Relationship ဖြစ်နေမှန်းသိရက်နဲ့ ဖက်တွယ်ထားမိရင် နှစ်ဦးနှစ်ဖက်လုံးအတွက် နာကျင်စရာနဲ့ ဒဏ်ရာတွေသာ ပိုများလာနိုင်ပါတယ်။

Featured Photo : HealthScope