ဘဝမှာ နောင်တ တွေ တပွေ့တပိုက် မရချင်ဘူး၊ ပျော်ရွှင် အောင်မြင်စွာနဲ့ ဖြတ်သန်းချင်တယ်ဆိုရင် ဆောင်ရန်၊ ရှောင် ရန်အချက်များရှိပါတယ်။ ထိုအချက်များကို ရှောင်နိုင်မယ်ဆိုရင်တော့ ဘဝကြီးကို နောင်တ ကင်းကင်းနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပဲ ဖြစ်ပါတယ်။
အချိန်ဆွဲတတ်တဲ့အကျင့်
အချိန်ဆွဲတတ်တဲ့အကျင့်၊ ပျင်းရိတတ်တဲ့အကျင့်ကတော့ ကွီးတို့ကို တစ်ချိန်ချိန်မှာ နောင်တ အကြီးအကျယ်ရအောင် တွန်းပို့နေတဲ့ အကျင့်ဆိုးတစ်ခုဖြစ်တဲ့အတွက်ကြောင့် ရှောင် ကြဥ်သင့်ပါတယ်။ အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖျောက်ပြီး အခုချက်ချင်း ထလုပ်တတ်တဲ့အကျင့် ပြင်ပါ။ ကွီးတို့ ဘဝတစ်လျှောက်မှာ ဖြစ်ပျက်သမျှတွေကို ပြန်စဥ်းစားကြည့်လိုက်ပါ။ ကွီးတို့ အောင်မြင်မှုကို ဘယ်သူကမှ မပိတ်ပင်ထားပါဘူး။ ကွီးတို့ရဲ့ အကျင့်ဆိုးကသာ ဟန့်တားထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ဆွဲတတ်တဲ့အကျင့်ကတော့ မဖြစ်မနေ ဖျောက်ဖျက်သင့်တဲ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။
ကောက်ရိုးမီးလို ခဏတဖြုတ်သာ ထတောက်တတ်တဲ့အကျင့်
တချို့သူတွေမှာ အကျင့်ဆိုးတစ်ခု ရှိပါတယ်။ ထိုအကျင့်ကတော့ ကြိုးစားချင်စိတ်တွေ ပြင်းထန်နေတဲ့အချိန်က ခဏတဖြုတ်ပဲ တည်ရှိနေခြင်းဖြစ်ပါတယ်။ ထိုအပြုအမူကိုတော့ ကောက်ရိုးမီး လို့ ခေါ်တတ်ကြပါတယ်။ ကွီးတို့လည်း ဘယ်အလုပ်မဆို ပြုလုပ်တဲ့အခါ ကောက်ရိုးမီးလို မပြုမူမိဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို ဖြည်းဖြည်းမှန်မှန်နဲ့ ပုံမှန်အတိုင်း ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။
အလွယ်တကူ အရှုံးပေးတတ်တဲ့အကျင့်
လောကဓံ ရိုက်ချက်များ ပြင်းထန်လာတဲ့အခါ စိတ်ဖိစီးမှုများ ပိလာမှာဖြစ်ပြီး စိတ်ဖိစီးမှုများကို မတွန်းလှန်နိုင်တဲ့အခါ ဘဝကို အလွယ်တကူ အရှုံးပေးလိုက်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဘဝကို အရှုံးပေးရာကနေ လမ်းမှားရောက်လာပြီး မလုပ်သင့်တာမျိုးတွေ မျိုးစုံ ကျူးလွန်မိလာမှာပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ထိုအခြေအနေများမှ ကျော်လွန်ဖို့ဆိုရင် ဘယ်အရာမဆို ကြံ့ကြံ့ခံနိုင်စွမ်း ရှိရပါမယ်။ ပျော့ညံ့ညံ့ စိတ်ထားမျိုးရှိတယ်ဆိုရင် ထိုစိတ်ထားကို အရင်ဖယ်ရှားပြီး ကြံ့ခိုင်သန်မာတဲ့ လူသားတစ်ယောက်အဖြစ် ပြောင်းလဲပစ်ရပါမယ်။ ကိုယ့်စိတ်ကို သန်မာအောင်သာထားပါ။ ပတ်ဝန်းကျင်ကပဲ ထိုးနှက် ထိုးနှက် ကွီးတို့ စိတ်သာ သန်မာကြံ့ခိုင်နေမယ်ဆိုရင် ဘယ်လိုအခက်အခဲတွေပဲ ကြုံလာကြုံလာ ရင်ဆိုင်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။
မိမိကိုယ်ကိုယ် ဂရုမစိုက်ခြင်း
ကြမ်းတမ်း ခက်ခဲတဲ့ လောကဓံ မှာ နေထိုင်ရတာသည် ခြေကုန်လက်ပမ်းကျစရာသာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ပစ်ထားတတ်တဲ့ စိတ် မျိုးရှိတယ်ဆိုရင်တော့ ကွီးတို့အတွက် အခြေအနေ မကောင်းပါဘူး။ မိမိကိုယ်ကိုယ် ဂရုစိုက်ရမယ်ဆိုတဲ့ နေရာမှာ ခန္ဓာကိုယ် ကျန်းမာရေးကိုသာမက စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ စိတ်ကျန်းမာ၊ ကိုယ် ချမ်းသာမှသာလျှင် မိမိကြံရွယ်သမျှ ကိစ္စအဝဝကို လုပ်ဆောင် အောင်မြင်နိုင်မှာပဲဖြစ်ပါတယ်။ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ဆိုလျှင် လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ။
စိတ်အေးချမ်းအောင် တရားထိုင်ပါ။ အိပ်ရေး ဝဝ အိပ်စက် အနားယူပါ။ အစားအစာများကို အာဟာရ ညီညွှတ်မျှတပြီး ကျန်းမာရေးနဲ့ အညီ စားသုံးပါ။ လူတိုင်းအပေါ်မှာ မနာလိုခြင်းကင်းကင်းနှင့် စိတ်ကောင်း နှလုံးကောင်း ထားနိုင်အောင် ကြိုးစားပါ။ ကိုယ် ဝါသနာပါတဲ့ အရာများ၊ ကိုယ် ချစ်တဲ့အရာတွေကို အချိန်ပေးကာ လုပ်ဆောင်ပါ။ အလုပ် လုပ်ချိန်တန် အလုပ်လုပ်သလို နားချိန်လည်း အပြည့်အဝ ရယူဖို့ လိုအပ်ပါတယ်။
သူတစ်ပါးအား မနာလို အောင်မြင်တတ်တဲ့ အကျင့်
သူတစ်ပါးရဲ့ အောင်မြင် မှုကို မနာလို နေမယ့်အစား ကိုယ့်ရဲ့လိုအပ်ချက်များကို သိရှိအောင် ကြိုးစားသင့်ပါတယ်။ ထိုအောင်မြင်နေတဲ့လူသည်လည်း သူ့ရဲ့ အောင်မြင်မှုအသီးအပွင့်ကို ရရှိဖို့ရန်အတွက် အသည်းအသန် ကြိုးစားပြီးမှ ရရှိလာတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ သူတို့ရဲ့ ကြိုးစားမှုကိုလည်း မြင်တတ်ဖို့လိုပါလိမ့်မယ်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ကိုယ်ကရော အောင်မြင်ဖို့ရန်အတွက် လုံလောက်တဲ့ ကြိုးစားအားထုတ်မှုကို ပြုလုပ်ရဲ့လား။
ဒီအချက်တွေနဲ့ ဘဝမှာ နောင်တကင်းကင်း နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ဘဝမှာ နောင်တကင်းအောင် ဘယ်လို နေထိုင်နေပါသလဲ။
Featured Image: Freepik