လူ့လောကကြီးမှ ရှင်သန်ရပ်တည်နိုင်ဖို့ဆိုရင် သန်မာတဲ့ စိတ်ဓာတ်၊ ဘာမဆို လုပ်ရဲကိုင်ရဲတဲ့စိတ်ဓာတ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့ စိတ်ဓာတ်တို့ ပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ သူများကို အားကိုးနေလို့ မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ ဘဝ မှာ ကွီးတို့သာ ဇာတ်လိုက် ဖြစ်နေလို့ပါ။ သူများကို အားကိုးနေလို့လည်း မရသလို၊ ကိုယ့်ဘဝကြီးကို သူတစ်ပါး လက်ထဲလည်း ပုံအပ်ထားလို့ မရပါဘူး။ ကိုယ့်ဘဝကို ကိုယ်သာ ပဲ့ကိုင်ရမှာဖြစ်ပါတယ်။
ကွီးတို့ ဘဝ မှာ ကွီးတို့သာ ဇာတ်လိုက် ဖြစ်တာကြောင့် ဘေးက လူတွေကို အယုံအကြည် မလွန်ကဲမိဖို့လည်း လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လောကမှာ ကိုယ့်ဒူးကိုယ်တောင် မယုံရတဲ့အချိန်တွေ ရှိလို့ပါပဲ။ ကိုယ့်ဘဝကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့သူမျိုးနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း အရေးကြီးဆုံးအချက်တစ်ခုကို သတိရဖို့လိုအပ်ပါတယ်။
စည်းတားထားပါ
ဟုတ်ပါတယ်။ ကိုယ့်ဘဝကို ဝင်စွက်ဖက်နေတယ်ဆိုတာသည် ထိုသူက ကိုယ်နဲ့ အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေလို့ပဲဖြစ်ပါတယ်။ ကိုယ်ကလည်း ထိုသူကို ဝင်စွက်ဖက်ခွင့် ပေးထားလို့ ကွီးတို့ဘဝကို ကြိုးကိုင်နေတာဖြစ်ပါတယ်။ ကိုယ့်ကို လွှမ်းမိုးနေပြီလို့ သိလိုက်တာနဲ့တပြိုင်နက် စည်းတစ်ခု ချထားဖို့လိုအပ်ပါတယ်။ ထိုသူက ကိုယ့်ဘဝကို ကောင်းသော ခြယ်လှယ်ခြင်းနဲ့ ခြယ်လှယ်တာလား၊ သူ့အကျိုးစီးပွားအတွက် ခြယ်လှယ်နေတာလားဆိုတာ ကွီးတို့ ကိုယ်တိုင် ခွဲခြားမသိနိုင်တဲ့အတွက်ကြောင့်မို့ သူ့စည်း ကိုယ့်စည်း တားထားဖို့ လိုအပ်တာဖြစ်ပါတယ်။
ကိုယ် နှစ်သက်တဲ့အရာများကို ပြုလုပ်ဖို့ မမေ့ပါနဲ့
ကွီးတို့က အားလပ်ချိန်မှာ ဘာပြုလုပ်ရတာကို နှစ်သက်ပါသလဲ။ ကိုယ် နှစ်သက်တဲ့အရာများအတွက် အချိန်ပေးဖို့လည်း မမေ့ပါနဲ့။ ဥပမာ – ကွီးတို့က ပန်းချီ ဆွဲရတာ ကြိုက်နှစ်သက်တယ်ဆိုရင် အားလပ်ချိန်မှာ ပန်းချီ ရေးဆွဲပါ။ ကိုယ် ကြိုက်နှစ်သက်တဲ့အရာကို ပြုလုပ်ခြင်းအားဖြင့် စိတ်အပန်းလည်း ပြေပြီး ကိုယ့်ရဲ့ ပျော်ရွှင်မှုအတွက် သူတစ်ပါးကို မှီခိုနေစရာ မလိုအပ်ဘူးဆိုတာကိုလည်း သိမြင်သွားပါလိမ့်မယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်
လူ့အသိုင်းအဝင်းမှာ နေတယ်ဆိုကတည်းက လူအများနဲ့ ပေါင်းသင်းဆက်ဆံရေးသည်လည်း အရေးကြီးပါတယ်။ လုပ်ငန်းခွင်မှာလည်း ဘယ်သူနဲ့မှ အဆင်မပြေ၊ အိမ်မှာလည်း ဘယ်သူနဲ့မှ အဆင်မပြေ၊ တွေ့သမျှ လူတိုင်းနဲ့ ရန်ထောင်တတ်တယ်ဆိုရင်တော့ ကွီးတို့သည် ဆူးလှည်းလို လူမျိုးသာ ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ဘဝမှာ ကိုယ်တစ်ယောက်တည်းသာ အားကိုးရာဆိုပေမယ့် အပေါင်းအသင်းလည်း ရှိဖို့ လိုအပ်ပါတယ်။ ကိုယ် တစ်ယောက်တည်း လုပ်ရမယ့် ကိစ္စတွေဆိုရင် တစ်ယောက်တည်းသာ လုပ်ရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင် အဝန်းအဝိုင်းတစ်ခု လိုအပ်တဲ့အချိန်မှာ အပေါင်းအသင်းရှိဖို့အတွက် ပေါင်းသင်းဆက်ဆံရေးလည်း ဝင်ဆံ့ဖို့ လိုအပ်ပါတယ်။
အကျင့်ဆိုးများကို ဖျောက်ဖျက်ပါ
လူတိုင်းမှာ ဖျောက်ဖျက်မရတဲ့ အကျင့်ဆိုးတချို့ရှိပါတယ်။ ထိုအကျင့်ဆိုးများကို အနိုင်ယူနိုင်မှသာလျှင် ဘဝမှာ အောင်မြင်တိုးတက်မှာဖြစ်ပါတယ်။ ဥပမာ ကွီးတို့သည် အချိန်ဆွဲတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ထိုအကျင့်ဆိုးကို အမြန်ဆုံး ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် လုပ်စရာရှိတဲ့ ကိစ္စရပ်များကို အမြန်ဆုံး အချောသတ်ကာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကို အနိုင်ပိုင်းနိုင်မှသာလျှင် အောင်မြင်မှုကို ဆွတ်ခူးရရှိနိုင်မှာမဟုတ်လား။
ပိုက်ဆံစုပါ
ဘဝမှာ ကိုယ့်တစ်ယောက်တည်း အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ဆိုရင် ပိုက်ဆံ စုဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လစဥ် ဝင်ငွေကို သုံးသင့်တဲ့ နေရာမှာသုံး၊ စုသင့်သလောက် ပမာဏကို စုရမှာပဲဖြစ်ပါတယ်။ လက်ထဲမှာ ပိုက်ဆံ လုံလုံလောက်လောက်ရှိမှ အရေးကြုံလာတဲ့အခါ အခြားသူရှေ့မှာ မျက်နှာငယ်နဲ့ လိုက်လံ ချေးငှားရတဲ့ အဖြစ်မျိုးကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်တည်း အမှီအခို ကင်းကင်းနဲ့ ရပ်တည်ချင်တယ်ဆိုရင် ပိုက်ဆံ စုရမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော တစ်ယောက်တည်း ဘယ်သူ့အကူအညီမှ မရယူဘဲ ဘယ်လိုနေထိုင်နေပါသလဲ။
Source: Forbes
Featured Image: Freepik