ခရီးတစ်ခုထွက်ရင် ကြိုတင်ပြင်ဆင်ရတာ ပုံမှန်ပါပဲ။ ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ ခရီးထွက်ရင် အရေးကြီးတာတွေ ကျန်ခဲ့တာမျိုး၊ လိုအပ်တာတွေ ပါမလာတာမျိုး ဖြစ်နိုင်ပါတယ်။ ထိုအခါမှာ ခရီးစဉ်အတွင်း အပြည့်အဝမပျော်ရဘဲ စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ကျွန်တော်တို့က ခရီးတစ်ခုထွက်မယ်ဆိုရင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ Passports၊ လေယာဉ်လက်မှတ် ဒါတွေကိုသာ အလေးထားမိနေပြီး တချို့သော လိုအပ်တဲ့ပစ္စည်းလေးတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ထွက်မယ့် ခရီးစဉ်အလိုက် လိုအပ်တာလေးတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ဘယ်ကိုပဲ ခရီးနှင်နှင် ယူသွားရမယ့် ပစ္စည်းလေးတွေကို စာရင်းပြုစုထားနိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။

ငွေသား လဲလှယ်သွားပါ

ဘယ်ကိုပဲ ခရီးနှင်နှင်

Photo : Now Boarding Changi Airport

ကွီးတို့အနေနဲ့ ပြည်တွင်းကို ခရီးထွက်ရင်တော့ ကိစ္စမရှိပေမယ့်၊ ပြည်ပကို ခရီးထွက်မယ်ဆိုရင် ထိုနိုင်ငံရဲ့ ငွေကြေးကို ဒီမှာကတည်းက အနည်းငယ်လဲလှယ်သွားပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ Visa ကဒ်များမှ ငွေဖြည့်တင်းသွားပါ။ ဒေါ်လာများသယ်ဆောင်သွားပြီး ကိုယ်သွားရောက်မယ့်နိုင်ငံမှာ လဲလှယ်နိုင်သော်လည်းပဲ အလုပ်အနည်းငယ်ပိုစေပါတယ်။

သွားမယ့်နေရာအလိုက် လိုအပ်တာများပြင်ဆင်ပါ

ဘယ်ကိုပဲ ခရီးနှင်နှင်

Photo : Tortuga Blog

ကွီးတို့ ခရီးစဉ်ကို မစတင်ခင်ကတည်းက ကိုယ်သွားရောက်မယ့်နေရာဒေသရဲ့ ရာသီဥတု အခြေအနေကို လေ့ထာထားသင့်ပါတယ်။ ကွီးတို့သွားရောက်မယ့်အချိန်မှာ ရာသီဥတုက အေးနေရင် အနွေးထည်များကိုသေချာ ယူဆောင်သွားပါ။ ပူသောရာသီဆိုရင်တော့ နေကာမျက်မှန်၊ ပေါ့ပေါ့ပါးပါး အဝတ်အထည်များ၊ ဦးထုတ် စတာတွေ ယူဆောင်သွားဖို့ မမေ့ပါနဲ့။ ထီးကိုလည်း ယူဆောင်သွားသင့်ပါတယ်။ အချို့သော နေရာများမှာ အချိန်အခါမဟုတ် မိုးရွာတာနဲ့ ကြုံတွေ့နိုင်တာကြောင့် ဖြစ်ပါတယ်။

ဆေးဝါးများ

ဘယ်ကိုပဲ ခရီးနှင်နှင်

Photo : Buck List Journey

ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဒါမှမဟုတ် အရေးပေါ် အခြေအနေအတွက်လိုအပ်တဲ့ ဆေးဝါးများကို သေချာပြင်ဆင်သွားပါ။ ကိုယ်နဲ့ မရင်းနှီးတဲ့ နေရာမှာ ဆေးဆိုင်၊ ဆေးခန်း ရှာဖို့ဆိုတာ ခက်ခဲပါတယ်။ ကွီးတို့ရဲ့ ခရီးစဉ်က အချိန်ကြာမြင့်မည်ဆိုပါက ဆေးဝါးများကို လုံလုံလောက်လောက် သယ်ဆောင်ခဲ့ပါ။

အတွင်းခံ အဝတ်အစားများ

Photo : WAMA Underwear

ခရီးတစ်ခုထွက်ရင် မေ့ကျန်လေ့ရှိတဲ့ ပစ္စည်းထဲမှာ အတွင်းခံတွေပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သပ်သပ်ထုတ်ပိုးထားတတ်လို့ပါပဲ။ နေရာဒေသအသစ်တစ်ခုမှာ ကိုယ်လိုအပ်တာကို ချက်ချင်း လွယ်လွယ်ကူကူ ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အတွင်းခံ အဝတ်အစားတွေကို မေ့မကျန်ခဲ့စေပါနဲ့။ ရက်အတိအကျမသိသေးတဲ့ ခရီးစဉ်မျိုးဆိုရင် အတွင်းခံ သို့မဟုတ် အောက်ခံ အဝတ်အစားများကို ရေဆေးပြီး အခြောက်ခံနိုင်တဲ့ ပေါ့ပါးပြီး အမြန်ခြောက်သွေ့လွယ်တာမျိုး ရွေးချယ်ပါ။

ကိုယ်ရဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများနဲ့ အခြားလိုအပ်သည်များ

Photo : Hertz

ကွီးတို့ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်တဲ့ မုတ်ဆိတ်ရိတ်တံ၊ လက်သည်းညှပ်၊ မျက်နှာသုတ်ပဝါ၊ လက်သန့်ဆေးရည်၊ Masks စတာတွေအပြင် ကွီးတို့ သုံးနေကျ ပစ္စည်းများကိုလည်း ယူဆောင်လာခဲ့ဖို့ မမေ့ပါနဲ့။ နောက်ထပ် ကွီးတို့ မမေ့မလျော့ ယူဆောင်သွားသင့်တာလေးတွေကတော့ အားသွင်းကြိုး၊ ကင်မရာ၊ ဓာတ်မီး၊ သယ်ဆောင်ရလွယ်ကူတဲ့ Power Bank စတာလေးတွေပါ ယူဆောင်သွားပါ။

ကွီးတို့ရေ ဘယ်ကိုပဲ ခရီးနှင်နှင် အခုဖော်ပြပေးလိုက်တဲ့ ပစ္စည်းလေးများကို မမေ့မလျော့ ယူဆောင်သွားပါ။ ဒီအချက်လေးတွေက ကွီးတို့ ခရီးဆောင်အိတ်ကို လွယ်လွယ်ကူကူ ထုတ်ပိုးနိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။

Featured Photo :  Vista Create