လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင် ကြည့်ကောင်းဖို့အတွက် ဆံပင်စတိုင်လ် ရွေးချယ်မှုသည် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကွီးတို့ရဲ့ ဆံပင်ကေက မမိမိုက်ဘူးလို့ ခံစားရတယ်ဆိုရင် အခုချက်ချင်းကို ခေါင်မိုးလဲ ပြီး ဆော် ကြည်အောင် ဖန်တီးသင့်ပါတယ်။ ဒါမှ ငှက်ပျော်တုံးဖက်ရတဲ့ အဖြစ်ကနေ ကင်းဝေးမှာ မဟုတ်လား။
လက်တလောမှာ ဘယ်လိုဆံပင်ကေလေးတွေက ရေပန်းစားသလဲဆိုရင်တော့…
(၁) ဆံပင်ကို အနောက်သို့ လှန်ဖြီးထားတဲ့ စတိုင်လ်
ဒီဆံပင်စတိုင်လ်ကတော့ အနောက်သို့ လှန်ဖြီးထားပြီး ဘေးနှစ်ဖက်ကို ခပ်ပါးပါး ညှပ်ထားတဲ့ ဆံပင်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။ ကွီးတို့ကို လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို ဖန်တီးပေးမယ့် ဆံပင်စတိုင်လ်လေးပဲ ဖြစ်ပါတယ်။
(၂) ဘေးဘက်သို့ ဖြီးချထားတဲ့ ဆံပင်စတိုင်လ်
ကွီးတို့ ဆံပင်ကေက ဘေးခွဲ ဆံပင်ကေဆိုရင်တော့ ဒီဆံပင်စတိုင်လ်နဲ့ လိုက်ဖက်ပါလိမ့်မယ်။ ဘေးဘက်သို့ ဖြီးချထားကာ နားထင်နားတစ်ဝိုက်မှာတော့ တိုတိုကပ်ကပ်ကလေး ညှပ်ထားတာကို တွေ့မြင်ရပါလိမ့်မယ်။
(၃) ရင့်ကျက်တည်ငြိမ်သယောင် ပေါက်စေမယ့် ဆံပင်ကေ
ဒီဆံပင်စတိုင်လ်ကတော့ ခုနက ဆံပင်ကေတွေထက်စာရင် အနည်းငယ် ပိုရှည်ပါတယ်။ ဆံပင်အုံထူသူတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေမျိုးပါ။ ဘေးနှစ်ဖက်ကလည်း မတိုလွန်း မရှည်လွန်းတဲ့ အနေအထားမျိုး ညှပ်ထားတာကို တွေ့ရပါလိမ့်မယ်။
(၄) ဆံပင်အဖျားနား ကောက်ထားတဲ့ ဆံပင်ကေ
ကွီးတို့ဆံပင်က ဖြောင့်တဲ့ ဆံပင်စတိုင်လ်မျိုး မဟုတ်ဘူး။ ကောက်တယ်လို့ ပြောရအောင်လည်း တွန့်လိမ်ကောက်ကွေးနေတာမျိုးမဟုတ်ဘူးဆိုရင်တော့ ဒီဆံပင်ကေမျိုးကို ရွေးချယ် ညှပ်သင့်ပါတယ်။ ဒီဆံပင်စတိုင်လ်လေးကတော့ Cute Type ပုံစံမျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက်တော့ ကွက်တိကျပါလိမ့်မယ်။
(၅) စမတ်ကျကျ ဆံပင်စတိုင်လ်
ကွီးတို့ ဆံပင်စတိုင်လ်ကို စမတ်ကျကျ အသွင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်လေး ညှပ်ကြည့်လိုက်ပါ။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် အသွင်ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။
(၆) လေးထောင့်တိတိ ပုံဖော်ထားတဲ့ ဆံပင်ကေ
ဆံပင်ရဲ့ အရှေ့ပိုင်းကို အုံများများ ယူထားပြီး ခပ်တိတိလေး ညှပ်ထားတဲ့ ဆံပင်စတိုင်လ်ပဲ ဖြစ်ပါတယ်။ နားထင်အပေါ်ပိုင်းကို အကုန်နီးပါး ရိတ်ထားပြီး နောက်စေ့နားကို တိုတိုကပ်ကပ် ညှပ်ထားတဲ့ ဆံပင်စတိုင်လ်မျိုး ဖြစ်ပါတယ်။ ကွီးတို့ကို ကြည့်ကောင်းသွားစေမယ့် ဆံပင်စတိုင်လ်တစ်မျိုးပဲ ဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ ဆံပင်ကေတွေက ကွီးတို့ကို လူကြီးလူကောင်းဆန်စေပြီး တည်ငြိမ်တဲ့အသွင်ကို ပေးစွမ်းစေမှာပါ။ ရင့်ကျက်ပြီး ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေတွေကို အသုံးပြုပြီး ခေါင်မိုးလဲ ကာ ဆော် ကြည်လာအောင် ဖန်တီးနိုင်ပါတယ်။
Source: Haircutinspiration
Featured Image: Menshaircuts