ဆံကေသာ ကျန်းမာရေးအတွက် အများကြီး ခေါင်းစားမနေပါနဲ့။ ငှက်ပျောသီး ရှိရင် အိုကေပါပြီ။ သဘာဝ ငှက်ပျောသီးဟာ စျေးသက်သာသလို နေရာတိုင်းမှာ တစ်နှစ်ပတ်လုံး အလွယ်တကူ ဝယ်ယူလို့ ရနိုင်ပါတယ်။ ငှက်ပျောသီးဟာ ဦးရေပြားကို နက်ရှိုင်းစွာ စိမ့်ဝင်နိုင်ပြီး ဆံကေသာကို ကောင်းမွန်စွာ ရေဓာတ်ဖြည့်ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင် E ၊ ဗီတာမင် C နဲ့ ဗီတာမင် A တို့အပြင် ပိုတက်စီယမ် ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ သဘာဝ အဆီဓာတ်များလည်း ပါဝင်တာကြောင့် ဆံကေသာ သန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဆံသားကို ပျော့ပျောင်းစေကာ ဆံပင်ကွဲထွက်ခြင်း ၊ ပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ဒီတစ်ခေါက်တော့ ဆံကေသာ ကျန်းမာရေးကို မြှင့်တင်ပေးပြီး ပျော့ပျောင်းနူးညံ့တဲ့ ဆံသားတွေကို ရရှိဖို့အတွက် ငှက်ပျောသီး နဲ့ ပြုလုပ်နိုင်မယ့် DIY ဆံပင်ပေါင်းဆေး ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။

banana

Photo : StyleCraze

လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီး ၁ – ၂ လုံး (ဆံပင်အရှည်ပေါ် မူတည်ပြီး လိုတိုးပိုလျှော့ သုံးနိုင်ပါတယ်)
  • ပျားရည် စားပွဲတင် ဇွန်း ၂ ဇွန်း
  • အုန်းနို့ စားပွဲတင် ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင် ဇွန်း ၂ ဇွန်း
  • အုန်းဆီ စားပွဲတင် ဇွန်း ၁ ဇွန်း
  • Rose Water ၂ စက်

နှစ်သက်ပါက ဒိန်ချဉ် စားပွဲတင် ဇွန်း ၂ ဇွန်း ရော ထည့်နိုင်ပါတယ်။

Banana

Photo : Taste of Home

ပြင်ဆင်နည်းအဆင့်ဆင့်

ပန်းကန်တစ်လုံးထဲမှာ ငှက်ပျောသီးကို ခပ်သေးသေး အတုံးလေးတွေ လှီးဖြတ်ထားပါ။ ထို့နောက် အုန်းနို့နဲ့ ပျားရည် ရောထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးရင်တော့ အုန်းဆီနဲ့သံလွင်ဆီတို့ကို ရောထည့်မွှေပေးပါ။ ဒိန်ချဉ်ကိုလည်း ထပ်မံရောထည့်ပြီး မွှေပေးရပါမယ်။

ပါဝင်ပစ္စည်းအားလုံး ကြေညက်ပြီး အနှစ်ရလာစေဖို့ Blender ထဲပြောင်းထည့်ပြီး မွှေပေးပါ။ အားလုံး ကြေညက်ပြီး အနှစ်ပုံစံရလာပြီဆိုရင်တော့ ရပါပြီ။ နောက်ဆုံးအနေနဲ့ Rose Water ကို ရောထည့်ပြီး မွှေပေးရပါမယ်။

နောက်ဆုံး ရလာတဲ့ ငှက်ပျောသီး အနှစ်ကို ဦးရေပြား အရင်းကနေ ဆံသားအဖျားအထိ သေချာစွာ ပွတ်လိမ်းကာ မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ Shower Cap အုပ်ထားပြီး မိနစ် ၃၀ လောက် ထားလိုက်ပါ။

အချိန်ပြည့်တဲ့အခါ အရင်ဆုံး ငှက်ပျောသီး အနှစ်တွေ အားလုံးပြောင်သွားတဲ့အထိ ရေလောင်းချပါ။ ငှက်ပျောသီးအနှစ်တွေ ပြောင်ပြီဆိုမှ ပုံမှန်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ တဖန် လျှော်ပေးပါ။

ဒါဆိုရင်တော့ ပျော့ပျောင်းနူးညံ့ပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ငွေကုန်ကြေးကျ နည်းနည်းနဲ့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Men’s Journal