ကျန်းမာခြင်း၊ အသက်ရှည်ခြင်းကို လူတိုင်းလိုချင်ကြတာပဲ မဟုတ်ပါလား။ ကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပြီး မိမိလုပ်ချင်တဲ့အရာတွေကို ကောင်းကောင်းလုပ်ခွင့်ရမှာပါ။ ကိုယ်လုပ်ချင်တာကို ကောင်းစွာလုပ်နိုင်မှ ပျော်ရွှင်နိုင်မှာပါ။ သို့သော်လည်း လူတော်တော်များများက ကျန်းမာဖို့အတွက် အလေ့အကျင့်ကောင်းတွေကို မလိုက်နာကြပါဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေတဲ့ မရေမတွက်နိုင်သော ကျန်းမာရေးအလေ့အကျင့်များ ရှိပါတယ်။ ထို အလေ့အကျင့်ကောင်းများစွာကို မလိုက်နာနိုင်ရင်တောင်မှ အလေ့အကျင့်ကောင်း (၃) ခုကို ထိထိရောက်ရောက် လိုက်နာတဲ့အခါ အခြားသူများထက် ပိုပြီး ကျန်းမာပျော်ရွှင်တာ တွေ့ရမှာပါ။ ဒီနေ့မှာတော့ ကွီးတို့ ကျန်းမာအသက်ရှည် ပျော်ရွှင်ဖို့ အမြဲကျင့်သုံးလိုက်နာသွားသင့်တဲ့ အရေးအကြီးဆုံး အချက် (၃) ချက်ကို ဝေမျှပေးမှာ ဖြစ်ပါတယ်။ ဒီအချက်တွေ အကုန်လုံးကို ကွီးတို့အားလုံး သိပြီးသားဖြစ်လောက်ပေမယ့် တကယ်လက်တွေ့ တိကျစွာ လိုက်နာဖို့အတွက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
Photo : Eat This Not That
ကိုယ်လက်လှုရှားမှုများ ပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးပြုတယ်ဆိုတာ တော်တော်များများ သိကြပါတယ်။ သို့သော်လည်း လူအများစုက တစ်နေ့မှာ အချိန် မိနစ် ၃၀ ခန့်လောက်တောင်ပေးပြီး လေ့ကျင့်ခန်း မလုပ်ကြပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းက ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်စေပါတယ်။ ဒါ့အပြင် အနေအထိုင်အစားအသောက်ကြာင့် အဝလွန်နိုင်ခြေလည်း များပါတယ်။ အဝလွန်ခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာအများကြီးကို ခံစားရနိုင်ပါတယ်။
ဒါ့ကြောင့် ကျန်းမာချင်ရင်တော့ လေ့ကျင့်ခန်းကို ဘယ်လိုအသက်အရွယ်ပဲ ဖြစ်ဖြစ် အခုအချိန်ကစပြီး ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ဦးနှောက်နဲ့ အာရုံကြောကိုလည်း အားကောင်းစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။ ဘယ်လေ့ကျင့်ခန်းကိုပဲ ပြုလုပ်သင့်တယ်ဆိုတဲ့ ပုံသေနည်း မရှိပါဘူး။ ပုံမှန်တောင်တက်ခြင်း၊ မကြာခဏ အပြေးလေ့ကျင့်ခြင်း၊ တင်းနစ်ကစားခြင်း၊ ရေကူးခြင်း၊ Workout လုပ်ခြင်း စတဲ့ ကိုယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါတယ်။ အခြား ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မလုပ်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပေးသင့်ပါတယ်။ အဓိကကတော့ ပုံမှန် တစိုက်မတ်မတ် လုပ်သွားပေးဖို့ပါပဲ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများကို စားခြင်း
Photo : Kitchen Capers
ကျန်းမာ အသက်ရှည်ဖို့အတွက် ကျွန်တော်တို့ စားသုံးလိုက်တဲ့ အစားအစာတွေက ၁၀၀ ရာခိုင်နှုန်း အရေးပါပါတယ်။ ဒီနေ့ခေတ်မှာ ပိုမိုစားကောင်းအောင်လုပ်ထားတဲ့ အစားအစာတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အသင့်စား အစားအစာတွေ စားသုံးမှုကြောင့် ကင်ဆာကဲ့သို့သော ရောဂါတွေ အဖြစ်များလာပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးခြင်းက အထူးသဖြင့် အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အစားအသောက်ဆိုင်ရာ ကင်ဆာရောဂါများ” ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။
အစားအစာတွေက အမှန်တကယ်ကို ကျွန်တော်တို့ အသက်ကို တိုတောင်းစေနိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့နေ့စဉ် စားသုံးနေတဲ့ အစားအစာကို သတိပြုပါ။ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်ခြင်းဆိုတာမှာ ယေဘုယျအားဖြင့် အသင့်စားအစားအစာများကို လျော့စားခြင်း၊ သကြား စားသုံးမှုကို လျှော့ချခြင်း၊ ကာဗိုဟိုက်ဒရိတ်ကန့်သတ်ခြင်း၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို နေ့တိုင်းစားသုံးခြင်း၊ ကိုယ်တိုင် သန့်ရှင်းစွာ ချက်ပြုတ်စားသောက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာရေးကို အလေးပေးပြီး ကျွန်တော်တို့ စားသောက်မှု ပုံစံကို ပြောင်းလိုက်တဲ့အခါမှာ သိသိသာသာ ပြောင်းလဲတိုးတက်မှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာကို အလေးပေးခြင်း
Photo : Your Health
ကျန်းမာအသက်ရှည် ပျော်ရွှင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးပေးခြင်းသာမက စိတ်ပိုင်းဆိုင်ရာ ကိုလည်း အထူးဂရုပြုဖို့ လိုပါတယ်။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုတာ ကွီးတို့အားလုံး ကြားဖူးကြမှာပါ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေက ခန္ဓာကိုယ် ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာကိုလည်း လျစ်လျူရှုလို့ မရပါဘူး။
စိတ်ပိုင်းဆိုင်ရာလို့ ဆိုရာမှာ များသောအားဖြင့် အခုကျွန်တော်တို့ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေပါပဲ။ လူရယ်လို့ ဖြစ်လာရင် စိတ်ဖိစီးမှုတွေကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အနည်းနဲ့အများတော့ လူတိုင်းကြုံနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကြုံလာတဲ့အခါမှာ ရင်ထဲမှာ သိမ်းထားဘဲ လျှော့ချဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွကို တတ်နိုင်သလောက် မလျှော့ချဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့ဆိုရင် တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်တာ၊ ယောဂကျင့်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ စတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကျန်းမာအသက်ရှည် ပျော်ရွှင်ဖို့ အရေးအကြီးဆုံးလို့ ဆိုကြတဲ့ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကောင်းတွေကို ယနေ့ကစ မွေးမြူပြီး စိတ်သွားတိုင်း ကိုယ်ပါတဲ့ ကျန်းမာသော ဘဝကို ပိုင်ဆိုင်လိုက်ပါ။
Source : Becoming Minimalist
Featured Photo : Holistic Center