လူတစ်ယောက်နဲ့ တစ်ယောက်က ကြီးပြင်းပုံခြင်းလည်း မတူညီကြသလို နောက်ခံဘက်ဂရောင်းတွေကလည်း မတူညီကြပါဘူး။ အချို့မှာက ငွေရေးကြေးရေးအရ ပူပန်စရာမလိုတဲ့ နောက်ခံဘက်ဂရောင်းတောင့်တောင့်တင်းတင်း ပိုင်ဆိုင်ထားကြသော်လည်း အချို့ကလည်း ကိုယ်ထူကိုယ်ထ ကိုယ့်ထူးကိုယ်ချွန်မှသာ ငွေရေးကြေးရေး အဆင်ပြေကြတာဖြစ်ပြီး ထိုကြိုးစားရှာဖွေ စုဆောင်းပြီးမှ ရရှိလာတဲ့ ပိုက်ဆံနဲ့ ကိုယ်လိုချင်တဲ့ အိပ်မက် ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ကြတာပါ။ ဒါ့ကြောင့် ဘယ် အသက် အရွယ်မှာ အောင်မြင် သင့်နေပြီဆိုတဲ့ ပုံသေ သတ်မှတ်ထားတဲ့ စည်းမျဥ်းမျိုး မရှိကြတာပဲဖြစ်ပါတယ်။

အချို့တွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကြပေမယ့် အချို့ကတော့ အသက် အရွယ်တစ်ခုရောက်ပြီး အတွေ့အကြုံများလာမှသာ အောင်မြင် လာကြတာပါ။

ကွီးတို့သည် အခုဖော်ပြမယ့် အချက်များကို ပြုလုပ်နေမိမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ နီးကပ်လာပြီပဲဖြစ်ပါတယ်။

ရာထူး ဂုဏ်ဒြပ်တွေကို ဂရုမစိုက်ဘူး

ရာထူး ဂုဏ်ဒြပ်တွေကို ဂရုမစိုက်ဘူး

ပါရမီပါခြင်းသည် အောင်မြင်မှုအတွက် အရေးအကြီးဆုံး အရာတစ်ခုဖြစ်သလို ကိုယ့်ရဲ့ မာနတွေကို ခဝါချထားပြီး အသင်းအဖွဲ့အလိုက် လုပ်ဆောင်တတ်ခြင်းသည်လည်း အောင်မြင်မှုကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။ ငါက ရာထူး ပိုကြီးတယ်၊ ငါ ပြောတာ၊ ငါ စီမံတာကို တစ်သဝေမတိမ်း လိုက်နာရမယ်၊ အထွန့်မတက်နဲ့ စသည်ဖြင့် ဂုဏ်မောက်မာနေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ဝေးသထက် ဝေးသွားမှာပဲဖြစ်ပါတယ်။

ရွေးချယ်မှုတွေကို ကိုယ်တိုင်ဖန်တီးနိုင်တယ်

ရွေးချယ်မှုတွေကို ကိုယ်တိုင်ဖန်တီးနိုင်တယ်

အချို့သူတွေက A နဲ့ B နှစ်မျိုးရှိတယ်ဆိုရင် ထိုနှစ်မျိုးထဲက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် အရာတစ်ခုကို ရွေးချယ်လိုက်ကြပါတယ်။ ဒါပေမဲ့ တကယ့် တကယ် အောင်မြင်မယ့် လူတစ်ယောက်ကတော့ ရွေးချယ်မှုကို ကိုယ်တိုင် ဖန်တီးလေ့ရှိကြပါတယ်။ စွန့်ဦးတီထွင်သူများသည်လည်း ကိုယ့်ရဲ့ ရွေးချယ်မှုကို ကိုယ်ကိုယ်တိုင် ဖန်တီးယူကြတာဖြစ်ပါတယ်။

အနိုင် အရှုံးထက် အကောင်းဆုံး ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုသာ အာရုံထားတယ်

အသက် အောင်မြင်

တချို့လူတွေက ပြိုင်ဆိုင်လိုစိတ် အင်မတန်များပါတယ်။ တခြားသူတွေနဲ့ လိုက်ပြိုင်နေမယ်ဆိုရင် ကွီးတို့အတွက် ပူလောင်မှုတွေပဲ ရရှိနေမှာဖြစ်ပြီး ကွီးတို့အတွက် ဘာကောင်းကျိုးမှလည်း မရရှိနိုင်ပါဘူး။ အောင်မြင်မှုနဲ့လည်း နီးစပ်လာနိုင်မှာမဟုတ်ပါဘူး။ အခြားသူတွေနဲ့ လိုက်ပြိုင်နေမယ့်အစား ကိုယ် လုပ်စရာရှိတာ ကိုယ်လုပ်ရမှာပဲဖြစ်ပါတယ်။ ဘယ်အရာပဲလုပ်လုပ် အပေါ်ယံပဲ လိုက်လုပ်တာထက်စာရင် သေသေချာချာ အကောင်းဆုံး လုပ်ဆောင်ခြင်းက အကောင်းဆုံးသော ရလာဒ်တွေကို ဆောင်ကျဥ်းပေးနိုင်မှာပဲဖြစ်ပါတယ်။ လူသားတွေ ဖြစ်တဲ့အလျောက် အလုံးစုံ ပြီးပြည့်စုံနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိ ရလာဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

အမြဲတမ်း Plan ချထားခြင်း

အသက် အောင်မြင်

အနီးကပ်မှ ကောက်ကာငင်ကာ ထလုပ်တာထက်စာရင် ကြိုတင် ပြင်ဆင်ကာ စီစဥ်ထားခြင်းက ပိုပြီး နည်းစနစ်ကျကာ အိပ်မက်များကို အလုံးစုံ အကောင်အထည်ဖော်နိုင်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ အကျင့်က အနားနီးမှ ကောက်ကာငင်ကာနဲ့ ထလုပ်တတ်တယ်ဆိုရင် ထိုအကျင့်ဆိုးကို မြန်မြန်ဆန်ဆန် ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါလိမ့်မယ်။ စနစ်တကျ အစီအစဥ် ရွေးဆွဲထားမယ်ဆိုရင်တော့ ဘာပြီးရင် ဘာလာမယ်ဆိုတာကို သိမြင်နေမှာဖြစ်ပြီး ကိုယ့်ရဲ့ အစီအစဥ်အတိုင်း အကုန်လုံး ပြည့်စုံနေမှာပဲဖြစ်ပါတယ်။ တကယ်လို့ ပထမ အစီအစဥ်က မအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှ ဒုတိယ အစီအစဥ်ကို ထပ်မံရေးဆွဲကာ ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ လမ်းတစ်ဝက်မှာ အရှုံးမပေးမိဖို့ပါပဲ။

အဆက်မပြတ် ကြိုးစားနေတတ်ပြီး အချိန်မဆွဲတတ်ဘူး

 

အသက် အောင်မြင်

ဘဝမှာ အရေးအကြီးဆုံး အရာကတော့ ဇွဲ၊ လုံလ၊ ဝီရိယ ရှိဖို့ပါပဲ။ ဇွဲ၊ လုံလ၊ ဝီရိယ ရှိမှသာလျှင် အောင်မြင်မှု အသီးအပွင့်ကိုသာ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့သည် ကိုယ်က ဘယ်နေရာပဲ ရောက်နေနေ စဥ်ဆက်မပြတ် ကြိုးစားနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကြိုးစားမှု အရှိန်အဟုန်ကို မရပ်တန့်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့သာ ကြိုးစားနေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ တဖြည်းဖြည်း နီးကပ်လာမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ချင်တယ်ဆိုရင် အချိန်ဆွဲတဲ့ အလေ့အကျင့်ဆိုးကိုလည်း ဖယ်ရှားပြီး အကောင်းဆုံး ကြိုးစားဖို့ လိုအပ်ပါတယ်။ ထိုင်ပြီး စိတ်ကူးယဥ်နေမယ့်အစား လက်တွေ့ကျကျ ကြိုးစားခြင်းအားဖြင့် ကွီးတို့သည် အသက်အရွယ်တစ်ခုမှာ မုချ အောင်မြင်လာမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဘယ်အသက်အရွယ်မှာ အောင်မြင်မှု အသီးအပွင့်ကို ခံစားချင်ပါသလဲ။

Source: Themuse

Featured Image: Freepik