လူတိုင်းက အသက်ရှည်ရှည် နေချင်ကြတာချည်းပါပဲ။ သို့သော်လည်း လူအများစုက ကျန်းမာ အသက်ရှည်စွာနေထိုင်နိုင်ဖို့ လိုက်နာရမယ့် အလေ့အကျင့်ကောင်းတွေကိုတော့ ပေါ့ပေါ့တန်တန် သဘောထားပြီး လျစ်လျူရှုတတ်ကြပါတယ်။ ကျွန်တော်တို့ ပြုမူနေထိုင်စားသောက်တဲ့ ပုံစံက ကျွန်တော်တို့ကို အသက်ရှည်ကျန်းမာစေသလို၊ အသက်တိုသွားစေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်များက ကျန်းမာရေး နှင့်မညီသော နေထိုင်မှုပုံစံ ကျွန်တော်တို့ရဲ့ သက်တမ်း နှစ် ၂၀ လောက် တိုသွားနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကျွန်တတာ်တို့ရဲ့ အသက်ကို နှုတ်ယူသွားနိုင်တဲ့ အလေ့အကျင့်ဆိုးတွေကို အခုချက်ချင်း ရပ်တန့်ပစ်နိုင်ဖို့ ဝေမျှပေးချင်ပါတယ်။
ပြုပြင်ထားသော အစားအစာတွေကို အလွန်အကျွံ စားသုံးခြင်း
Photo : News Medical
ကျွန်တော်တို့ ခန္ဓာကိုယ် လှုပ်ရှားနိုင်ဖို့၊ စွမ်းအင်ရရှိနိုင်ဖို့ အစားအစာတွေ စားသုံးကြရပါတယ်။ ဒီလို နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ကျွန်တော်တို့ ကျန်းမာအသက်ရှည်ရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ယနေ့ခေတ်မှာ လူတော်တော်များများက စားကောင်းအောင် ပြုပြင်ထားတဲ့အစားအစာတွေ၊ အသင့်စားအစားအစာတွေ စားသုံးမှု များပြားလာပါတယ်။ ဒီလို အစားအစာတွေမှာ ဆိုဒီယမ်၊ ပိုပြည့်ဝဆီ၊ သကြားစတာတွေ ပါဝင်ပြီး အမျှင်ဓာတ် နည်းပါးပါတယ်။ ဒီလို ပြုပြင်ထားတဲ့ အစားအစာတွေ များများစားသုံးခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာနှင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ များပြီး အသက်တိုစေနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာအသက်ရှည်ချင်ရင် မိမိရဲ့ စားသုံးမှုပုံစံကို ပြောင်းလဲပြီး ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာတွေကို များများစားတဲ့ အလေ့အကျင့်ကို ပျိုးထောင်ရပါမယ်။
ဆေးလိပ်သောက်ခြင်း
Photo : Healthway Medical Group
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်တယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဆေးလိပ်သောက်တာက သွေးကြောများ နှင့် အဆုတ်တို့ကို ထိခိုက်စေပြီး ကင်ဆာနှင့် လေဖြတ်နိုင်ခြေ တိုးလာစေပါတယ်။ သို့သော်လည်း လူတော်တော်များများက အမှုမဲ့ အမှတ်မဲ့ ဖြစ်နေဆဲပါပဲ။ ဆေးလိပ်သောက်တာကို ရပ်လိုက်တာနဲ့ အသက်ပိုရှည်ဖို့အတွက် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်တာနဲ့ အတူတူပါပဲ။ ဆေးလိပ်သောက်သူတစ်ယောက်အနေဖြင့် ဆေးလိပ်ဖြတ်ပြီးနောက် မကြာမီ သွေးပေါင်ချိန်နှင့် သွေးလည်ပတ်မှု ကောင်းမွန်လာပြီး ကင်ဆာဖြစ်နိုင်ခြေ တစ်နှစ်ထက်တစ်နှစ် လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အထိုင်များခြင်း
Photo : Complete Wellbeing
ဒီနေ့ခေတ်မှာ လုပ်ငန်းခွင်အခြေအနေအရ ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လူတော်တော်များများက အထိုင်များလာပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတော့ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းက ကိုယ်အလေးချိန်တတ်စေပြီး အဝလွန်ခြင်းကို ဖြစ်နိုင်ခြေများစေပါတယ်။ အဝလွန်ခြင်းကနေ နှလုံး၊ သွေးတိုး၊ ဆီချို စတဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါတွေကို ဖြစ်နိုင်ခြေ တော်တော်လေး များပါတယ်။ ဒါ့ကြောင့် ကျန်းမာ အသက်ရှည်ချင်ရင် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ဖို့ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုမှန်ပြုလုပ်ပြီး တတ်ကြွလှုပ်ရှားစွာ နေထိုင်ခြင်းက နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကဲ့သို့သော နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါတယ်။
ဒါ့အပြင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက ကြွက်သားနဲ့ အရိုးတွေကို သန်မာစေတဲ့အပြင် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။ ယေဘုယျအားဖြင့် ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက အသက်ပိုရှည်ရန်အတွက် အလားအလာပိုများစေပါတယ်။ တစ်ပတ်လျှင် ၂.၆ နာရီမှ ၄.၅ နာရီကြား လေ့ကျင့်ခန်းလုပ်သူများက သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် တစ်နေ့မှာ အနည်းဆုံး နာရီဝက်လောက်ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းကို အချိန်ပေးပြီး ပြုလုပ်ပေးပါ။
ကောင်းမွန်စွာ အိပ်စက်မှု မရှိခြင်း
Photo : Health
ကွီးတို့က ညနက်နက်အထိ မအိပ်တာ၊ ညသန်းခေါင်ထိ ဖုန်းသုံးနေတာ၊ လင်းခါနီးမှာ အိပ်လေ့ရှိတာ စတဲ့ အကျင့်တွေ ရှိပါသလား။ ဒါဆိုရင်တော့ ဒီအလေ့အကျင့်ကို ချက်ချင်း ပြင်လိုက်ပါ။ အိပ်စက်ခြင်းက အသက်ရှည်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သုတေသီများက တစ်နေ့လျှင် ၆ နာရီအောက် သို့မဟုတ် တစ်နေ့လျှင် ၉ နာရီထက်ပို၍ (အလွန်အကျွံ) အိပ်စက်ခြင်းက ရောဂါများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေပြီး ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ အိပ်ရေးပျက်တာ များလာရင် ကိုယ်ခံစွမ်းအားကို ထိခိုက်စေခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများနဲ့ အခြားသော ကျန်းမာရေးထိခိုက်မှုများအပြင် စိတ်ဖိစီးမှုများ၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေပါတယ်။
မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပါ
Photo : Psychology Today
လူရယ်လို့ ဖြစ်လာရင် ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ကြုံနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို မလျှော့ချဘဲ သိမ်းထားတဲ့ အခါ ကြာလာရင် “စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့ အတိုင်း စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေပြီး အသက်တိုစေနိုင်တဲ့ အဓိကတရားခံဆိုလည်း မမှားပါဘူး။ စိတ်ဖိစီးမှုက ကြုံတွေ့ရလေ့ရှိတဲ့ ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခု ဖြစ်သော်လည်း မလိုအပ်ပဲ စိတ်ဖိစီးနေပြီး ကြာလာရင် အလေ့အထဖြစ်လာကာ အလုံးစုံကို ထိခိုက်စေပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံး လျှော့ချပေးပါ။ ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျှော့ကျစေမယ့် အရိုးရှင်းဆုံး နည်းလမ်းလေးတွေကတော့ ဒိုင်ယာရီရေးခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စိတ်ရောကိုယ်ပါ အနားပေးခြင်း၊ သူငယ်ချင်းတွေနဲ့ စကားသမြည်ပြောခြင်း၊ ယောဂ ကျင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အလေ့အကျင့်တွေထဲက ဘယ်နှစ်ခုကိုများ လုပ်မိနေပါသလဲ။ ဒီအကျင့်ဆိုးတွေကို ကာလရှည်ကြာ လုပ်မိနေရင် နှစ် ၂၀ လောက် အသက်တိုနိုင်တာကြောင့် အခုချက်ချင်းပဲ ရပ်တန့်ပစ်လိုက်ပါ။
Source : eMed Health
Featured Photo : Pexels