ခရီးတစ်ခုသွားတော့မယ်ဆိုရင် ကွီးတို့ရဲ့ ခရီးစဉ်တစ်လျှောက် အစစအရာရာ အဆင်ပြေ ချောမွေ့စေဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေ အများကြီးရှိပါတယ်။ ကြိုတင်ပြင်ဆင်ခြင်းရှိမှသာလျှင် ခရီးသွား ရတာဟာ စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စရာကောင်းနေမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ခရီးတစ်ခုသွားမယ်ဆိုရင် မဖြစ်မနေ ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) သွားမယ့် နေရာဒေသအကြောင်း ကြိုတင်လေ့လာပါ
Photo : The Points Guy
ခရီးမသွားခင် ကိုယ်သွားမယ့် နေရာဒေသအကြောင်း ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ ရာသီဥတု အခြေအနေ ၊ တည်းခိုစရာ နေရာ ၊ အစားအသောက် ၊ ရိုးရာယဉ်ကျေးမှု ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေနဲ့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေ အားလုံး ကြိုတင်လေ့လာထားဖို့ လိုပါတယ်။ သွားရောက်လည်ပတ်မယ့် နေရာဒေသအကြောင်း နကန်းတစ်လုံးမှ မသိတာထက် နည်းနည်းလောက် ကြိုတင်လေ့လာထားခြင်းဟာ ခရီးစဉ်တစ်လျှောက်မှာ ပိုမိုအဆင်ပြေချောမွေ့ပြီး ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်စေမှာ သေချာပါတယ်။
(၂) ဒေသသုံး ဘာသာစကားတစ်ချို့ သင်သွားပါ
Photo : NerdWallet
သွားရောက်လည်ပတ်မယ့် နေရာဒေသရဲ့ ဒေသခံ သဘာစကားအချို့ ကြိုတင်လေ့လာထားတာလည်း ကွီးတို့ရဲ့ ခရီးစဉ်ကို ပိုမိုအဆင်ပြေစေဖို့ ကူညီပေးနိုင်ပါတယ်။ အများကြီး မဟုတ်ပါဘူး “မင်္ဂလာပါ” ၊ “နှုတ်ဆက်ပါတယ်” နဲ့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ အခြေခံ ထမင်းစားရေ သောက် စကားလေးတွေလောက်ကိုတော့ လေ့လာသင်ယူထားပါ။ ဒေသသုံး ဘာသာစကားတစ်ချို့ကို ကြိုတင်လေ့လာသင်ယူထားခြင်းဖြင့် ဒေသခံတွေနဲ့ ခင်မင်ရင်းနှီး ပိုမိုတိုးစေပြီး ကွီးတို့ရဲ့ခရီးစဉ်မှာ မိတ်ဆွေကောင်း ၊ အကူအညီကောင်းတွေလည်း ရစေနိုင်ပါတယ်။
(၃) အရေးကြီး အသုံးဆောင်တွေကို သေချာထုပ်ပိုးပါ
Photo : Vox
ခရီးစဉ်တစ်လျှောက်မှာ သယ်ဆောင်သွားရမယ့် နိုင်ငံကူးလက်မှတ် ၊ မှတ်ပုံတင် ၊ လမ်းညွှန်မြေပုံ ၊ ဘဏ်ကဒ်နဲ့ တခြား တန်ဖိုးကြီးပစ္စည်းတွေကို တစ်စုတစ်စည်းတည်း သေချာလေး ထုပ်ပိုးသွားသင့်ပါတယ်။ ခရီးအတွက် မပါမဖြစ်ယူဆောင်သွားရမယ့် အရေးကြီးပစ္စည်းတွေအားလုံးကို တစ်နေရာတည်းမှာ စုစည်းထားခြင်းဖြင့် မေ့ကျန်ခဲ့တာမျိုးမရှိတော့ပဲ စိတ်လက်ပေါ့ပါးစွာနဲ့ ခရီးစဉ်တစ်လျောက်လုံး သာယာအေးချမ်းစွာ ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။
(၄) အရေးပေါ် ဆက်သွယ်လို့ရမယ့် လိပ်စာ/ဖုန်းနံပါတ် စာရင်း ကြိုလုပ်ထားပါ
Photo : Verywell Health
ခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် ထင်မှတ်မထားတဲ့ အခက်အခဲတွေ ၊ အရေးပေါ်အခြေအနေတွေ ကြုံလာရနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မဖြစ်စေဖို့ ခရီးမသွားခင် ကတည်းက ကြိုတင်ပြီး အရေးပေါ် ဆက်သွယ်လို့ရမယ့် Emergency Contacts စာရင်းကို လုပ်ထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အရေးအပေါ် နံပါတ်တွေ ၊ သံရုံး ဒါမှမဟုတ် ဒေသတွင်း ရဲစခန်း ဖုန်းနံပါတ်တွေနဲ့ အကူအညီပေးနိုင်မယ့် အသိမိတ်ဆက်တွေရဲ့ ဖုန်းနံပါတ်တွေ ၊ ဆက်သွယ်ရမယ့် လိပ်စာတွေကို ကြိုတင်ပြီး မှတ်စုစာအုပ်ထားမှာ ရေးမှတ်သွားဖို့ အကြံပေးချင်ပါတယ်။
(၅) ကုန်ကျစရိတ် ကြိုတွက်သွားပါ
Photo : Consumer NZ
ခရီးစဉ်တစ်ခုလုံးမှာ ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်တွေကို ခန့်မှန်းခြေအနေနဲ့ ကြိုတင်တွက်ချက်ထားဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ခရီးရောက်မှ ငွေမလောက်မငှဖြစ်တာမျိုးဟာ အင်မတန် စိတ်ရှုပ်စရာကောင်းသလို ပျော်စရာတွေလည်း လျှော့သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သွားမယ့် ခရီးစဉ်အစအဆုံးအတွက် ပျှမ်းမျှ ကုန်ကျနိုင်တဲ့ သယ်ယူပို့ဆောင်ရေး ခရီးစရိတ် ၊ တည်းခိုနေထိုင်စရိတ် ၊ စားသောက်စရိတ်နဲ့ ထွေလီကာလီ ကုန်ကျစရိတ်တွေ အားလုံးကို ကြိုတင်တွက်ချက်ထားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
Featured Photo : Travelers Insurance