တခြားသူတွေကို ဂရုစိုက်ဖို့က အရေးကြီးသလို ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း မေ့မထားသင့်ပါဘူး။ ကျွန်တော်တို့ တော်တော်များများက ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ကို လစ်လျူရှုထားမိ ကြပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့က ဘာကြောင့် အရေးကြီးလဲ ? ကိုယ့်ကိုယ်ကိုယ်အမှန်တကယ် ချစ်တက်ခြင်းက ဘယ်လိုကောင်းကျိုးတွေ ရှိစေလဲဆိုတာ ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှု နည်းစေမယ်

Photo : LinkedIn

ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ဂရုစိုက်တဲ့ အလေ့အထကို မွေးမြူခြင်းဟာ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေ အထိုက်အလျှောက် လျော့နည်းသက်သာသွားစေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တက်ခြင်းကြောင့် ဘယ်အရာတွေက ကိုယ့်ကို ပင်းပန်စေတယ် ၊ ဘာတွေကတော့ စိတ်ဖိစီးမှုကို ဖြစ်စေတယ်ဆိုတာ ကောင်းကောင်းခွဲခြား သိနိုင်မှာဖြစ်ပြီး စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက်မှန်ကန်တဲ့ ခြေလှမ်းတွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၂) ပိုကျန်းမာလာမယ်

Running

Photo : Men’s Health

သင့်ကိုယ်သင် ချစ်တက်ခြင်းက ကျန်းမာရေးအတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကူညီပေးနိုင်တယ်လို့ သုသေသနပညာရှင်တွေက အကြံပြုထားပါတယ်။ မှန်ပါတယ် ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်လာတဲ့အခါမှာ များသောအားဖြင့် ကောင်းမွန်တဲ့ အလေ့အထတွေကို လုပ်ဆောင်မိလာကြတာပါပဲ။ အိပ်ချိန်ဂရုစိုက်တာ ၊ ကျန်းမာအောင် စားသောက်နေထိုင်တာ ၊ လေ့ကျင့်ခန်းလုပ်တာ ၊ ဆေးလိပ်ဖြတ်တာ စသည်ဖြင့် ပိုကျန်းမာတဲ့ အလေ့အကျင့်သစ်တွေ လုပ်ဆောင်လာစေမိတဲ့အတွက် အရင်ထက် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ သန်မာလာမယ်

emotional

Photo : David Owasi – Medium

လူတိုင်း ခက်ခဲတဲ့အချိန်တွေမှာ စိတ်ဓာတ်ကျဖို့ လွယ်ပါတယ်။ အများစုက စိတ်ဓာတ်ကျပြီဆို အပျက်သဘောဆောင်တဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်တာ ၊ အပြစ်တင်တာတွေ လုပ်မိတက်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တက်ခြင်းကတော့ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေကို ဖယ်ရှားပေးပြီး ကောင်းမွန်တဲ့ ရှုထောင့်အမြင်တွေကို သုံးသပ်အဖြေရှာနိုင်ဖို့ ကူညီပေးသလို အမှားလုပ်မိခဲ့သည်တိုင်အောင် အမှားကနေသင်ယူပြီး ရှေ့ဆက်ဖို့ အားအင်သစ်တွေကို ပေးစွမ်းပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ချစ်တက်ခြင်းဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကို သန်မာအောင်တည်ဆောက်ပေးပြီး အနာဂတ်စိန်ခေါ်မှုတွေအတွက် အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ပေးပါတယ်။

(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာမယ်

confidence

Photo : Ideapod

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တက်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်နိုင် စွမ်းအားဟာလည်း တိုးမြင့်လာမှာဖြစ်ပြီး ဘဝမှာ ဘယ်အရာကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ၊ ဘယ်လိုအခက်အခဲ အတားအဆီးကိုမဆို ကောင်းစွာကိုယ်တွယ်ဖြေရှင်းနိုင်ခြင်း ၊ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းစတဲ့ အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ့်ကိုယ် ချစ်မယ်ဆိုရင် ကိုယ့်ရဲ့နေ့ရက်တွေတိုင်းကို ယုံကြည်မှုရှိစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Knowledge For Men