ကျွန်တော်တို့ ရှင်သန်လာသမျှ ကာလတစ်လျှောက်လုံးမှာ မမျှော်လင့်တဲ့အရာတွေ၊ ထင်မထားတဲ့ အဖြစ်အပျက်တွေ၊ ကိုယ်ထင်ထားသလို ဖြစ်မလာတွေ ကြုံဖူးကြမှာပါ။ ဖြစ်လာတဲ့ အခြေအနေပြင်းထန်ခြင်း၊ မပြင်းထန်ခြင်းပဲ ကွာခြားမှာပါ။ မမျှော်လင့်ထားတဲ့ အခြေအနေတွေ၊ အခက်အခဲတွေ နဲ့ အဖြစ်အပျက်တွေက ကျွန်တော်တို့ကို ဖိအားတွေ၊ မသေချာမရေရာမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေ ဖြစ်လာစေလာပါတယ်။ ဒီလို အခြေအနေတွေကို ကြုံတွေ့ရတဲ့ အခါ လူတိုင်း တုံ့ပြန်ပုံခြင်း မတူညီကြပါဘူး။ ကိုယ်ရဲ့ တုံ့ပြန်ပုံနဲ့ ထိုအဖြစ်အပျက်ပေါ်မှာ ထားရှိတဲ့ သဘောထားအမြင်က ကောင်းတဲ့ဘက်ကိုလည်း ရောက်စေသလို၊ ပိုမိုဆိုးဝါးတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို မမျှော်လင့်တဲ့ အရာတွေကို ရင်ဆိုင်လာရတဲ့အခါမှာ ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ဒီနေ့မှာတော့ မထင်ထားဘဲနဲ့ အပြုသဘောမဆောင်တဲ့ ကြုံဆုံလာသမျှ အရာတွေကို ရင်ဆိုင်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။
လက်ခံတတ်ဖို့ ပထမဆုံး သင်ယူပါ
Photo : Vunela
ဘဝက တစ်ခါတစ်လေ ကျွန်တော်တို့ ထင်မထားတဲ့ အခက်အခဲတွေ၊ အပျက်သဘောဆောင်တဲ့ အဖြစ်အပျက်တွေ၊ ဘယ်တုန်းကမှ တွေးမထားတဲ့ လမ်းခွဲမှုတွေ ပေးတတ်ပါတယ်။ ဒီလို အခြေအနေမျိုး ကြုံလာရင် လူတော်တော်များများက မယုံကြည်ဖြစ်ပြီး လက်မခံနိုင်ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး လက်မခံနိုင်ဖြစ်နေတာက ကွီးတို့ကို လက်တွေ့နဲ့ ဝေးကွာစေပြီး ရေရှည်အတွက်လည်း မကောင်းပါဘူး။ ဒါ့ကြောင့် ဒီလိုအခြေအနေတွေကို ကျော်လွှားဖို့ဆိုရင် လက်ခံတတ်ဖို့ လိုပါတယ်။ ပြောင်းလဲလို့မရတဲ့အရာကို တဖြည်းဖြည်း လက်ခံပြီး အသိအမှတ်ပြုခြင်းက မမျှော်လင့်တဲ့ ဘဝရဲ့ ထိုးနှက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ပထမဆုံးခြေလှမ်းပဲ ဖြစ်ပါတယ်။
ခံစားချက်တွေကို အသိအမှတ်ပြုလိုက်ပါ
Photo : Religion World
မမျှော်လင့်ထားတဲ့ အရာတွေကို ကြုံတွေ့ရတဲ့ အခါ လူတော်တော်များများက ခံစားရမှာကို ကြောက်ရွံတာကြောင့် ရှောင်လွှဲပြီး ရင်မဆိုင်နိုင်ဖြစ်ကြပါတယ်။ ဒီလို ရှောင်လွှဲခြင်းက အဖြေမဟုတ်ပါဘူး။ ဒါ့ကြောင့် ထိုခံစားချက်တွေကို အသိအမှတ်ပြုလိုက်ပါ။ စိတ်ရှုတ်ထွေးမှုတွေ၊ ကြောက်ရွံ့မှုတွေ ၊ ဝမ်းနည်းမှုတွေကို ခံစားလိုက်ပါ။ ဒီလို မဟုတ်ဘဲ ရင်ဘတ်ထဲမှာ ကြာကြာသိမ်းထားလေ၊ ကျော်လွှားနိုင်ဖို့ ကြာလေလေပါပဲ။ ဒါ့ကြောင့် ခံစားချက်တွေကို အသိအမှတ်ပြုပြီး ခံစားစရာရှိတာ ခံစားလိုက်ပါ။
ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါ
Photo : Iris Speaking
မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အဖြစ်အပျက်တွေကနေ ကိုယ်ရင်ဆိုင်ဖို့ ကြောက်ရွံ့ပြီး ရှောင်ပြေးနေခြင်းက အဖြေမဟုတ်ပါဘူး။ ဘယ်အရာက ကွီးတို့ကို ကြောက်ရွံ့စေသလဲ၊ ဘယ်အရာက ချုပ်နှောင်ထားသလဲ ဆိုတာ ကြည့်လိုက်ပါ။ အကြောက်ဆုံးအရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်တာက ရှောင်ပြေးနေခြင်းထက် ပိုပြီးစိတ်သက်သာရာ မြန်မြန်ရစေပါတယ်။ ဒါ့အပြင် အကြောက်ဆုံးအရာကို ရင်ဆိုင်ပြီး လွတ်မြောက်သွားတဲ့အခါ ကိုယ့်ဘဝအတွက် အပြုသဘောဆောင်သော တိုးတက်မှုနဲ့ ပိုမိုကောင်းမွန်သော ဘဝသစ်ဆီသို့ ဦးတည်သွားပါလိမ့်မယ်။ ဒါက လောကဓံကပေးလာတဲ့ ထိုးနှက်ချက်တွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။
အကောင်းမြင်စိတ်ကို မွေးမြူပါ
Photo : Marcelo Oleas
ဘယ်လိုမျိုး ထင်မှတ်မထားတဲ့အရာတွေပဲ ကြုံကြုံ ထိုကိစ္စရပ်ပေါ် ကွီးတို့ ရှုမြင်မှုပုံကွာခြားသွားတာနဲ့အမျှ သက်ရောက်မှုကလည်း ကွာခြားသွားပါတယ်။ အပြုသဘောဖြင့် ရှုမြင်သူများက ဒီကိစ္စရပ်ကို ကျော်လွှားဖို့ နည်းလမ်းများကို လွယ်လွယ်ကူကူ ရှာဖွေတွေ့တတ်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို ချစ်တတ်အောင်၊ ကြင်နာတတ်အောင် ပျိုးထောင်ပြီး ဘယ်အရာတွေက ကိုယ့်ကို တောက်ပစေသလဲဆိုတာကို သတိပြုလိုက်ပါ။
ကွီးတို့ရေ ဘဝဆိုတာကတော့ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် မမျှော်လင့်တဲ့ အရာတွေကို အရာတွေကို ပေးလေ့ရှိပြီး ကျွန်တော်တို့ကို စမ်းသပ်လေ့ရှိတယ် မဟုတ်ပါလား။ ဒါ့ကြောင့် ဘယ်လိုအချိန်ပဲ ဖြစ်ဖြစ် မထင်ထားတာတွေ ကြုံတွေ့လာရတဲ့အခါ ကြံ့ကြံ့ခိုင်ရင်ဆိုင် ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။
Source : Career & Life
Featured Photo : BBC