လူတစ်ယောက်ရဲ့ နေ့စဉ် အလေ့အကျင့်တွေဟာ အဲ့ဒီလူရဲ့ ဘဝတိုးတက်အောင်မြင်မှု သို့မဟုတ် ဆုတ်ယုတ်ပျက်စီးမှုအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ အချို့ အလေ့အကျင့်တွေက သင့်ဘဝကို တဖြည်းဖြည်းချင်း တိုးတက်လာစေနိုင်ပေမယ့် အချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပျက်စီးရာပျက်စီးကြောင်းတွေ ဖြစ်ပေါ်လာစေဖို့ တွန်းအားပေး နိုင်ပါတယ်။ ကျွန်တော်တို့ ဘဝမှာ တိုးတက်အောင်မြင်ခြင်းတွေ ရရှိပိုင်ဆိုင်လာဖို့ဆိုရင် မကောင်းတဲ့ အလေ့အကျင့်တွေကို ဖျောက်ဖျက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို မွေးမြူဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ဘဝထဲမှာ ပုံမှန်လုပ်နေကျမဟုတ်တဲ့ ကောင်းမွန်တဲ့ အလေ့အကျင့် အသစ်တစ်ခုကို ဘယ်လိုပြုစုပျိုးထောင် ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရည်ရွယ်ချက် ထားရှိပါ

habit

Photo : Better Humans

ဘာပဲလုပ်လုပ် တိကျသေချာတဲ့ ရည်ရွယ်ချက် / ရည်မှန်းချက် ရှိတာဟာ အကောင်းဆုံးပါပဲ။ အလေ့အကျင့် အသစ်တစ်ခုကို စလုပ်တဲ့အခါ ကျွန်တော်တို့မှာ ရည်ရွယ်ချက် ကောင်းကောင်းရှိနေမှသာ အဲ့ဒီအလေ့အကျင့်ကို ပုံမှန်တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင် သွားနိုင်မှာပါ။ ဥပမာအားဖြင့် ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို စတင်တော့မယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကို သိပါစေ။ ကျန်းမာချင်လို့လား ၊ ဝိတ်ချဖို့လား ၊ ကြွက်သားဘော်ဒီ တည်ဆောက်ဖို့လား ၊ အချိန်ကာလာအားဖြင့် ဘယ်လောက်သတ်မှတ်ထားလဲ စသည်ဖြင့် တိကျသေချာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မယ်ဆိုရင် အဲ့ဒီအလေ့အကျင့်ကို ကွီးတို့နေ့စဉ်ပုံမှန် လုပ်ဖြစ်မှာဖြစ်ပြီး ပျင်းရိခြင်းတွေမရှိပဲ ရေရှည်လုပ်ဆောင်နိုင်ဖို့ တွန်းအားဖြစ်စေမှာပါ။

(၂) အလေ့အကျင့် ၃ ခုထက် ပိုမထားပါနဲ့

habit

Photo : CNN

အလေ့အကျင့် အသစ်တွေကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် တစ်ချိန်တည်းမှာပဲ အများကြီး မစမိဖို့ အကြံပေးချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလေ့အကျင့်အသစ်တွေ အများကြီးထားရှိပြီး လုပ်ဆောင်မယ်ဆိုရင် အာရုံကောင်းကောင်း စိုက်နိုင်မှာမဟုတ်ပဲ ထိရောက်မှုလည်း နည်းစေမှာပါ။ ဒါကြောင့် အလေ့အကျင့်အသစ်တွေ စလုပ်တော့မယ်ဆိုရင် တစ်ကြိမ်ကို ၂ ခု သို့မဟုတ် ၃ ခုထက် ပိုမလုပ်ပါနဲ့။ စတင်လိုက်တဲ့ အလေ့ အကျင့်တွေက အသားကျပြီး ပုံမှန်လုပ်ဆောင်ဖြစ်နေပြီ ဆိုမှသာ နောက်ထပ်အလေ့အကျင့် အသစ်တွေကို ဆက်လက်လုပ်ဆောင်ပါ။

(၃) လွယ်ကူတဲ့ အဆင့်ကနေစတင်ပါ

habit

Photo : Harvard Business Review

အလေ့အကျင့် အသစ်တစ်ခု စလုပ်တော့မယ်ဆိုရင် လွယ်ကူတဲ့ အနေအထားကနေ စလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ သိပ်ခက်နေရင် အဲ့ဒီအလေ့အကျင့်ကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ ခက်ခဲလာမှာပါ။ တရားထိုင်တဲ့ အလေ့အကျင့်ကို စလုပ်တော့မယ် ဆိုပါစို့။ စစချင်းမှာ ၁ နာရီကြာအောင် တရားထိုင်ဖို့ မလွယ်ပါဘူး။ အဲ့ဒီအစား ၁၅ မိနစ်ခန့်နဲ့ စတင်ပြီး တဖြည်းဖြည်းချင်း အချိန်ကို တိုးသွားတာ ပိုကောင်းပါတယ်။ ဒီလိုပါပဲ အလေ့အကျင့်အသစ်တွေကို စလုပ်တဲ့အချိန်မှာ သိပ်ခက်နေတာမျိုး မဖြစ်စေပဲ ၊ တဖြည်းဖြည်းချင်း အသားကျလာမှသာ ပိုခက်တဲ့ အဆင့်ကို တက်ပြီး လုပ်ဆောင်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) ဇွဲရှိပါစေ

habit

Photo : Thrive Global

အလေ့အကျင့်တစ်ခုကို ပုံမှန်လုပ်ဆောင်ဖြစ်ဖို့ဆိုရင် အဓိကသင့်မှာ ရှိရမှာက ဇွဲပါပဲ။ ဒီနေ့ကြိုးစားကြည့်ပြီး နောက်နေ့လက်လျှော့မယ်ဆိုရင်တော့ အလေ့အကျင့် အသစ်တွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဇွဲရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နိုင်မှသာ သင့်ရဲ့ နေ့စဉ်ဘဝထဲမှာ အသားကျတဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာမှာပါ။

Featured Photo : Inc. Magazine